ရေး၊ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကွမ်ကျိုက်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားပြီးနောက်တော်လှန်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်းက ရဲဘော်တစ်ဦး၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဘက်ကလည်း အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်စခန်းကိုတော့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြီးနောက် ရေးအခြေစိုက် စစ်ကောင်စီတပ်က တပ်အင်အား ၆၀ လောက်ဟာ ကွမ်ကျိုက်တံတားအနီး ပတ်ဝန်းကျင်မှာ လာရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရေး-သံဖြူဇရပ်လမ်းပိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အတွက် တိုက်ပွဲတွေ မကြာခဏဆိုသလို ပြန်လည်ဖြစ်ပွားနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ