အမ်း၊ ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းစစ်ဌာနချုပ်စခန်းသိမ်းတိုက်ပွဲအတွင်း တိုင်းစစ်ရုံးနေရာတချို့သာ ကျန်ရှိတော့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
တိုင်းစစ်ရုံးအတွင်းကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီနီးပါးဟာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရပြီး စစ်ကောင်စီတပ်ကလည်း ရခိုင်ရိုးမတောင်တန်းကနေ လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိ ခိုက်သေဆုံးတာတွေရှိနေသလို လေကြောင်းကနေလည်း မရပ်မနားတောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” လက်နက်ချ အညံ့ခံအလံဖြူထောင်တဲ့သူတိုင်းရဲ့ အသက်ကို အာရက္ခတပ်တော် AA မှ အာမခံတယ်လို့ အသိပေးထားပါတယ်။
အာရက္ခတပ်တော် AA ရဲ့ အနောက်ပိုင်းစစ်ဌာနချုပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီလက်နက်ချ အလင်းဝင်တာတွေရှိနေပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း လက်နက်ချ အ လင်းဝင်သူတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ အာရက္ခတပ်တော် AA ဟာ ဂွမြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေပြီး တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်း ဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း မြို့နယ်ပေါင်း ၁၂ မြို့နယ် သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA