မော်လမြိုင် ၊ ဒီဇင်ဘာ ၁၉

မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ပိုမိုဆိုးရွားစွာရင်ဆိုင်နေရတဲ့ စစ်ကောင်စီကအင်အားပြုန်း တီးမှုတွေကို ပြန်လည်ဖြည့်တင်းဖို့ လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းပြီး စစ်မှု ထမ်းခိုင်းဖို့ ကြိုးပမ်းလာနေပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေးတို့လို ပြည်မအခြေစိုက်မြို့ကြီးတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလာကြပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Facebook လူမှုကွန်ရက်တွေကနေ လူပျောက်ကြော်ငြာတဲ့ ပိုစ့်တွေ လတ်တလောမြင်တွေ့နေရပြီး အထူးသဖြင့် ရန်ကုန်တိုင်းက လူငယ်တွေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းက မြို့ နယ် ၇ ခုမှာလည်း ဒီဇင်ဘာ ရက်သတ္တပတ် ၂ ပတ်အတွင်း လူငယ် ၁၂၅ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မန္တလေးသပိတ်အင်အားစုကနေ သိရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်မှုထမ်းဖို့ ငြင်းဆန်ထွက်ပြေးသူတွေ များလာတဲ့အတွက် ဥပဒေတွေနဲ့ မလုပ်တော့ဘဲ လူအိပ်ချိန်တွေမှာ အဓမ္မပြန်ပေးဆွဲတဲ့အဆင့် ရောက်နေပြီလို့ သုံးသပ်ပါတယ်။

“အခုက စစ်မှုထမ်းဝင်ရောက်ဖို့ ငြင်းဆန်နေတဲ့သူတွေနဲ့ ထွက်ပြေးတဲ့သူများလာတဲ့အခါကျတော့ စစ်တပ်ကလည်း သူ့ရဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ စနစ်တကျ လုပ်တဲ့အဆင့် မဟုတ်တော့ပါဘူး။ အ ခုကတော့ ပြန်ပေးဆွဲတဲ့အဆင့် ရောက်နေပါပြီ။ ဒီအတိုင်းအဓမ္မ အိမ်တွေပေါ်တက်ဖမ်း လူအိပ်ချိန်တွေမှာ တက်ဖမ်းပြီးတော့ စခန်းသွင်း၊ ရှေ့တန်းပို့ အဲဒါတွေလုပ်နေတာပါ။ အဲဒီတော့ ဒါကတိုင်း ပြည်က ပြည်သူတွေရဲ့လုံခြုံမှုတွေ ယိုယွင်းပျက်စီး‌နေတဲ့ လက္ခဏာဖြစ်တဲ့အတွက် ဒီဟာတွေ ပျောက်ဆုံးဖို့ဆိုရင် စစ်တပ်ရဲ့အုပ်ချုပ်မှုကို ဖြိုချမှရမယ်ဆိုတဲ့အမြင်တွေ ပိုပြီးများလာတယ်လို့ ကျွန်တော်ယူဆပါတယ်ဗျ” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေရဲ့ တော်လှန်ထိုးစစ်ကြောင့် ရှေ့တန်းစစ်မျက်နှာတွေမှာ ရှုံးပွဲဆက်နေတဲ့ စစ်ကောင်စီက တပ်သားသစ်တွေရရှိဖို့ အကြမ်းဖက်တဲ့ နည်းတွေသုံးပြီး အရှိန်မြှင့်လုပ်ဆောင်နေတာပါ။

တစ်ဘက်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်တာ၊ ထွက်ပြေးတာ၊ ထိခိုက်သေဆုံးမှုတွေ ရှိလာတာကြောင့် စစ်မှုထမ်းအငှားလိုက်သူ နည်းပါးလာတဲ့အတွက် အ ခုလို လုပ်လာတာလို့ ထောက်ပြကြပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က အာဏာသိမ်းမှုကို လက်မခံလို့ အားလုံးကလက်နက်စွဲကိုင် တိုက်လာချိန်မှာ စစ်မှုထမ်းဥပဒေသာမလုပ်ရင် စစ်တပ်ဟာ အလံတိုင်ပဲကျန်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“အခုကတော့ ပြည်သူတွေက အာဏာသိမ်းမှုကို လက်မခံလို့ ပြည်သူတွေလက်နက်စွဲကိုင်ပြီး တိုက်လာတာ။ အဲဒီအချိန်မှာ EROs တွေကလည်း တစ်ပြိုင်နက်ထဲ ပိုပြီးတော့ တိုက်လာတဲ့အတွက် လူ ထုထောက်ခံမှုတွေ အားကောင်းလာတဲ့အတွက် အောင်မြင်မှုကရလာတယ်။ လူသစ်စု(စစ်မှုထမ်း) ဥပ‌ဒေသာမလုပ်ဘူးဆိုရင် စစ်တပ်ကအခုလောက်ဆို အလံတိုင်ပဲကျန်မယ်။ အဲဒီတော့ လူသစ်ကို မရရအောင် စုရတာပေါ့” လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေကို စစ်ကောင်စီတပ်ကနေ လက် နက်နဲ့ဖြစ်စေ လက်နက်မဲ့ဖြစ်စေ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုယ်တိုင်ဖြစ်စေမိသားစုဖြစ်စေ၊ ရင်းနှီးသူသူတွေဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ်တိုင်ပင်နိုင်တယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အသိပေးကြေညာထားတာပါ။

စစ်ကောင်စီအနေနဲ့ အပတ်စဉ် ၈ အခြေခံစစ်သင်တန်းအတွက် လိုအပ်တဲ့အရေအတွက်မရရှိသေး တာကြောင့် အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ ဒေသတွင်းက လူငယ်တွေကို အတင်းအကြပ်ဖမ်းဆီးနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှု ထမ်းအပတ်စဉ် သင်တန်းအတွက် လူငယ်တွေကို ပြည်မက ဖြစ်စဉ်လိုမျိုး မတရားဖမ်းဆီးတာတွေ မရှိသေးဘူးလို့ ဒေသခံတချို့က ဆိုပါတယ်။

မွန်ပြည်နယ်ပေါင်မြို့ ခံတစ်ဦးက သူတို့ဒေသမှာ လူစားထိုးတာတွေ ရနေတဲ့အတွက် အတင်းအ ကြပ် စစ်မှုထမ်းခိုင်းတာတွေနည်းပြီး ညမထွက်ရအမိန့်ကျော်လွန်ကာ အပြင်ထွက်ရင်တော့ ဖမ်း ဆီးတာတွေရှိတယ်လို့ ပြောပါတယ်။

“လောလောဆယ်တော့ ငြိမ်တာပေါ့။ ဒါပေမယ့် ရွာတွေမှာဆိုရင် ညမထွက်ရအမိန့် သတ်မှတ်ချိန်တိုင်း သူတို့စစ်တဲ့အချိန်တွေမှာတော့ အပြင်ထွက်တာတို့ဆိုရင်တော့ (အချုပ်ခန်းထဲ) ထည့်တာတော့ ရှိတာပေါ့။ အတင်းအကြပ်ခေါ်ပြီး စစ်မှုထမ်းခိုင်းတာတော့ ဒီဒေသနားမှာ နည်းတာပေါ့။ ရွာတွေမှာတော့ အစားထိုးတဲ့သဘောပါပဲ။ လူအစားထိုးပြီး ထည့်ထည့်ပေးနေတာပေါ့။ ဝင်ချင်တဲ့သူတွေ ထည့်လိုက်တယ်။ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးတွေကပဲ အဆင်ပြေသလို သူ့ဘာသာ (လူရှာပြီး) ထည့်လိုက်တယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နလံမထူနိုင်လောက်အောင် စစ်ရေးအထိနာခဲ့တဲ့ စစ်ကောင်စီဟာ အခုနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။

အဲဒီဥပဒေပါ ပြဌာန်းချက်အရ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ မဖြစ်မနေ စစ်မှု ထမ်းရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ နည်းဥပဒေ မထုတ်ပြန်နိုင်သေးပေမယ့် အမျိုးသားတွေပါဝင်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၇ အထိ ဖွင့်လှစ်ထားပြီး အပတ်စဉ် ၅ အထိ သင်တန်းဆင်းပြီးဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

မွန်ပြည်နယ် ရေးဒေသခံတစ်ဦးကတော့ အုပ်ချုပ်နေသူတွေ အတင်းအဓမ္မဖိအားပေးလို့ ပြည်သူတွေက စစ်မှုထမ်းလိုစိတ်မရှိဘဲ ကြားထဲက မြေစာပင်ဖြစ်နေတဲ့အတွက် ဒါကို လုံးဝသဘောမကျဘူးလို့ ပြောပါတယ်။

“ပြည်သူတွေကလည်း စစ်မှုထမ်းလိုစိတ် မရှိဘူး။ ဒီအပေါ် အုပ်ချုပ်နေတဲ့သူကလည်း ဒီဟာကို အ တင်းအဓမ္မ ဖိအားပေးတယ်။ အခုနလို မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတယ်။ ကြားထဲက ပြည်သူတွေ မြေစာပင်ဖြစ်တာပေါ့။ ဒီစနစ်ကြီးရှိနေသရွှေ့ ဒီဟာက ဖြစ်နေဦးမှာပဲ။နောက်လည်း ဖြစ်နေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဒါကို လုံးဝသဘောမကျဘူး” လို့ ဆိုပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အထိ လူဦးရေ ၂၁၀၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရပြီး အပတ်စဉ် ၃ ခုက သင်တန်းဆင်းဦးရေ ၁၃၀၀၀ ကျော်ကို ရှေ့ တန်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။

နယ်စပ်အရင်းအမြစ်တွေနဲ့ အလုပ်သမားအရေးအကူအညီပေးနေသူတွေရဲ့ အဆိုအရ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာမှု ဆက်တိုက်မြင့်တက်လာတယ်လို့ ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.