ကျိုက်ထို၊ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ကနေ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေထံ စားသောက်ကုန်သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး သိမ်ဇရပ်မြို့ကနေ ရေကျော်၊ သုံးခွ၊ ဝင်းကံ၊ ဇီးပြောင်းကျေးရွာတွေအပါအဝင် အတွင်းပိုင်းကျေးရွာတွေထံ စားသောက်ကုန်သယ်ယူခွင့်ကို စစ် ဆေးရေးဂိတ်တွေမှာ ကန့်သတ်လာတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်တွေအရ စစ်ကောင်စီဟာ ကျေးရွာတွေကနေ တက်လာတဲ့ ဈေးကားတွေကို ဂိတ်တွေမှာ မပေးမဝင်တော့သလို မြို့အတွင်းကနေထွက်လာတဲ့ ကားတွေမှာလည်း စား သောက်ကုန်သယ်ယူခွင့် ကန့်သတ်ထားတာပါ။
ဒါပေမယ့် ဆိုင်ကယ်တွေနဲ့လာပြီး မိသားစုတစ်နိုင်တစ်ပိုင် သယ်ဆောင်သွားတဲ့ စားသောက်ကုန်တွေကိုတော့ သယ်ယူခွင့်ပေးအပ်ထားပေမယ့် မလိုလားအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်မှုဟာ ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သိမ်ဇရပ်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် KNU ထိန်းချုပ်နယ်မြေက ကျေးရွာတွေကို ရိက္ခာပြတ်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
KNU ထိန်းချုပ်နယ်မြေ သိမ်ဇရပ်အတွင်းပိုင်းက ကျေးရွာတွေဟာ သိမ်ဇရပ်မြို့မှာ စားသောက် ကုန်တွေဝယ်ယူပြီး ဒေသတွင်းမှာ ပြန်လည်ရောင်းချမှုတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို ကန့် သတ်မှုကြောင့် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာမှာကို ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူ ပန်မှုတွေ ရှိနေတာပါ။
စစ်ကောင်စီရဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်မှုဟာ ဖြတ်လေးဖြတ်လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ပြည်သူတွေ ပိုမိုတင်းကျပ်လာအောင် တွန်းပို့နေတာဖြစ်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်မှုကို သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၀၇ ခြေ မြန်တပ်ရင်းနဲ့ အမှတ် ၃၁၀ အမြောက်တပ် စစ်ဆေးရေးဂိတ်တွေမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကြောင့် စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ထိန်း ချုပ်ထားတဲ့ နယ်မြေတွေကို ဖြတ်လေးဖြတ်လုပ်ပြီး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media