“စစ်ကောင်စီဘက်က မြေတွေ ပိတ်ဆို့ပြီး လမ်းတွေပိတ်ထားတော့ ဒီရွာမှာ စာသင်ကြားနေတဲ့ ကလေးတွေဆို ကျောင်းမသွားတက်နိုင် ဖြစ်နေတယ်။ ဘာလို့ဆိုရင် ဒါသူတို့က မြေဖို့ထားတဲ့ နေရာထဲမှာ မိုင်းထောင်ထားတယ်လိုလို ဟိုမြေမြုပ်မိုင်းတွေရှိသလိုလို ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတစ်ခုခုရှိတယ်လို့ သတင်းတွေထွက်နေတော့ မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းသွားမပို့ကြတော့ဘူး” – နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူ
အာဏာသိမ်းကာလ လေးနှစ်နီးပါးရှိလာတဲ့အချိန်မှာ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ လနဲ့ နှစ်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ လက်ရှိ တနင်္သာရီ ဒေသတွင်းက လမ်းပိုင်းတချို့ကို ဖောက်ခွဲဖျက်ဆီးပြီး ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။
အဲဒီလို စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ လက်ရှိကြုံနေရတဲ့ အကြီးမားဆုံး အခက်အခဲက ဘာဖြစ်လဲ။ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေမှာရော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ။ လမ်းပိုင်းတွေကို ဖျက်ဆီးထားတော့ ဒေသခံပြည်သူတွေ ဘယ်လိုအခက်အခဲနဲ့ ကြုံတွေ့နေရလဲ။ ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက် ထားတဲ့အခြေအနေမှာ အဆက်အသွယ်ကိစ္စရပ်တွေကို ဘယ်လိုဖြေရှင်းဆောင်ရွက်နေလဲဆိုတာ သိရဖို့ နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကို သံလွင်တိုင်းမ်က အခုလိုပဲ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – အရင်ဦးဆုံးအနေနဲ့ လက်ရှိ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြောပြပေးပေးပါ။
ဖြေ – စစ်ဘေးရှောင် အခြေအနေက အရင်ကထက် ကြပ်တည်းလာတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် လစဉ်အလှူရှင်တွေကလည်း အခုမရှိတော့ဘူး။ အရင်ကဆို လိုင်းပေါ်ကနေ ပေ့ချ်ကနေပဲဖြစ်ဖြစ် တခြားအလှူရှင် Donor တွေကနေပြီး လာချိတ်ပြီးမှ လာလှူတဲ့အဖွဲ့ရှိတော့ အဲဒါ စစ်ဘေးရှောင် နွေဦးမေတ္တာပေ့ချ်ကနေပြီးတစ်ဆင့် ရတဲ့အလှူငွေကို စစ်ရှောင်တွေကို ပြန်ပြီးမှ ပြန်ဝေတာပေါ့။
အခုကကျတော့ အဲဒါ အလှူရှင်တွေ မရှိတဲ့အတွက် ဒါအဖွဲ့ ဖွဲ့ထားပြီးတော့ အလုပ်မလုပ်နိုင် ဖြစ်နေတယ်ပေါ့။ ဒီအဖွဲ့တွေက အလုပ်မလုပ်တော့ ဘယ်သူမှာ သွားထိလည်းဆိုတော့ စစ်ဘေးရှောင်တွေမှာ သွားထိခိုက်နေတယ်ပေါ့။ အဲဒီလိုမျိုးဖြစ်နေတယ်။
မေး – လက်ရှိ ဆရာမတို့ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် အရေအတွက် ဘယ်လောက်ရှိလဲ။ ပြီးတော့ ဘာတွေလိုအပ်ချက်တွေ ရှိနေလဲ။
ဖြေ – စစ်ဘေးရှောင်အရေအတွက်ကကျတော့ ၁၂၀၀ လောက်ရှိမယ်။ ပြီးတော့လိုအပ်ချက်က အလုံးစုံပဲပေါ့။ စစ်ရှောင်ဖြစ်လာပြီဆိုရင် အိမ်တစ်အိမ်မှာ လိုအပ်ချက်ရှိသလိုပဲ စစ်ဘေးရှောင်မှာလည်း အစစအရာရာပေါ့ကွယ်။ ခေါင်းအစ ခြေအဆုံး အဝတ်အထည်ကအစ အကုန်လုံးလိုအပ်နေတယ်။
မေး – တစ်ဖက်မှာလည်း တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေ အနည်းငယ် ပြန်ငြိမ်သွားတာကြောင့် အချို့ စစ်ရှောင်တွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေရော ဘယ်လိုရှိလဲ။
ဖြေ – ဒီဘက်မှာ စစ်ဘေးရှောင်ကျတော့လေ ရွာလုံးကျွတ် ရှောင်ရတဲ့အနေအထားမှာ ခဏခဏ တိုက်ပွဲဖြစ်ပြီးတော့ ပြန်ငြိမ်သွားတဲ့အချိန်ဆို ရွာထဲမှာ ပြန်နေရတဲ့ အနေအထားရှိတယ်။ အဲဒါကျတော့ အစ်မတို့က အမြဲတမ်းစစ်ဘေးရှောင်လို့ မသတ်မှတ်ဘူး။
အစ်မတို့ စစ်ဘေးရှောင်မှာ စစ်ဘေးရှောင်နှစ်မျိုးခွဲထားတယ်။ ခဏတစ်ဖြုတ်တိုက်ပွဲဖြစ်ပြီး စစ်ဘေးရှောင်ရတဲ့ စစ်ဘေးရှောင်ကျတော့ ယာယီစစ်ဘေးရှောင်။ ပြီးတော့ အဲဒါစစ်ဘေးရှောင်ကလည်း နေရပ်ပြန် ရွာကိုပြန်ဝင်မရ စစ်ကောင်စီကလည်း လမ်းမှာစစ်တယ်။
အကြောင်းအမျိုးမျိုးကြောင့် နေအိမ်လည်း မီးရှို့ခံထိတယ်။ အိမ်လည်းမပြန်ရ သုံးလလောက်ကြာသွားတဲ့ အနေအထားမှာဆို အဲဒါကျတော့ အမြဲတမ်းစစ်ဘေးရှောင်အဖြစ် သတ်မှတ်တယ်။ သူတို့ကျတော့ လုံးဝ နေရပ်မပြန်နိုင်တဲ့ လူတွေကျတော့ အမြဲတမ်းစစ်ဘေးရှောင်။ အဲဒီလိုမျိုး နှစ်ဖြတ်ခွဲထားတယ်။
မေး – အဲဒီလိုမျိုး အမြဲတမ်းစစ်ဘေးရှောင်နဲ့ ယာယီစစ်ရှောင်ဆိုပြီး ခွဲထားတော့ ယာယီစစ်ဘေးရှောင်တွေရဲ့ အခြေအနေကရော အခုလက်ရှိမှာ နေရပ်ပြန်နိုင်တဲ့ အခြေအနေတွေ ရှိနေပြီလား။
ဖြေ – အခု ယာယီစစ်ဘေးရှောင်တော့ လက်တလောတော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲမဖြစ်ကြတာလေ။ အဲဒါ တိုက်ပွဲမဖြစ်တော့ ယာယီစစ်ဘေးရှောင်မရှိဘူး။ အမြဲတမ်းစစ်ဘေးရှောင်တော့ ရှိတယ်။ ဒါပေမယ့် ဘန်လောဘက်မှာဆိုရင် အခုရွာလုံးကျွတ်ပဲလေ။ သူတို့ကျတော့ လုံးဝ ရွာလည်းပြန်လို့မရ။ ရွာဆို ရွာပျက်ပုံစံမျိုးဖြစ်ပြီ။
ဒါဘန်လောရယ် ဘန်လင်ရယ် သမီးလှဘက်မှာ အဲဒီရွာသုံးရွာကျတော့လေ ဟိုတစ်လောက တိုက်ပွဲဖြစ်တော့ အိမ်တွေ နေအိမ်တွေ မီးရှို့တယ်။ အရပ်သားတွေဖမ်း ပြီးတဲ့ခါကျရင် တွေ့တွေ့သမျှ ဖမ်းနေတော့ အဲဒီမှာ ရွာသားတွေက အိမ်ပြန်မဝင်ရဲ။
အခုတိုက်ပွဲမဖြစ်လည်း သူတို့ကျတော့ လုံးဝ အိမ်မပြန်ရဲ တခြားနေရာမှာပဲ စစ်ဘေးရှောင်နေရတယ်။
မေး – လက်ရှိမှာဆိုရင် တနင်္သာရီမြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ – အဲဒါစစ်ဘေးရှောင်အရေးကို လှုပ်ရှားတဲ့ သူတွေအတွက်မှာတော့ တအားကြီး အခက်အခဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှာကျတော့ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေရှိမှပဲ။
အခုပေါ့ကွယ် အစ်ကို သံလွင်တိုင်းမ်ကပေါ့။ အစ်မတို့ နွေဦးမေတ္တာကို ဖုန်းဆက်ပြီး လှမ်းမေးတာ အစ်မတို့ အဆင်ပြေလား။ စစ်ဘေးရှောင်တွေ အခြေအနေရော ဘာညာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် ဖြစ်တယ်ပေါ့။ အစ်မတို့ အဆင်မပြေတဲ့အကြောင်းကို သတင်းမီဒီယာကနေ ဖော်ပြပေးဖို့ အစ်မတို့မှာ အခက်အခဲရှိတယ်။
အဲဒါ အစ်မတို့မှာ အခက်အခဲရှိတော့ ဒါစစ်ဘေးရှောင်တွေမှာ တိုက်ရိုက်လိုမျိုး တစ်ဆင့် တစ်ဆင့် သွားပြီးတော့ အချိုးကျ ဖြစ်နေတယ်ပေါ့။ စစ်ဘေးရှောင်တွေမှာ သွားထိခိုက်နေတယ်ပေါ့။
အဲဒါ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မကောင်းတော့ အစ်မတို့မှာ ဖြစ်ပျက်နေတဲ့ ခက်ခဲပင်ပန်းနေတာကို သတင်းကနေလည်း မဖော်ပြနိုင် ပေ့ချ်ကနေ တစ်ဆင့်လည်း အစ်မတို့ မလွှင့်နိုင်တော့ အစ်မတို့ဆီမှာ အလှူရှင်တွေမလာ။ အလှူရှင်တွေမလာတော့ အမှန်တကယ် စစ်ဘေးရှောင်နေရတဲ့ သူတွေမှာ သွားပြီးတော့ ထိခိုက်နေတယ်။
မေး – လက်ရှိမှာလည်း မြို့နယ်ထဲက ကျေးရွာချင်းဆက် လမ်းပိုင်းတွေကို စစ်ကောင်စီဘက်က မြေဖို့၊ မြောင်းတူးပြီးတော့ ဖျက်ဆီးတာတွေ လုပ်တောင်လာတာတွေ့ရတယ်ပေါ့။ အဲဒီဘက်ခြမ်းက ဒေသခံတွေအနေနဲ့ရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလဲ။
ဖြေ – အဲဒါကျတော့လေ ဒါအခုစစ်ကောင်စီဘက်က မြေတွေ ပိတ်ဆို့ပြီး လမ်းတွေပိတ်ထားတော့ ဒီရွာမှာ စာသင်ကြားနေတဲ့ ကလေးတွေဆို ကျောင်းမသွားတက်နိုင် ဖြစ်နေတယ်။ ဘာလို့ဆိုရင် ဒါသူတို့က မြေဖို့ထားတဲ့ နေရာထဲမှာ မိုင်းထောင်ထားတယ်လိုလို ဟိုမြေမြှုပ်မိုင်းတွေရှိသလိုလို ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတစ်ခုခုရှိတယ်လို့ သတင်းတွေထွက်နေတော့ မိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းသွားမပို့ကြတော့ဘူး။
ပြီးတော့ သူတို့စားရေးသောက်ရေး နေရာမှာလည်း စစ်ကောင်စီကတစ်မျိုး။ ဟိုဘက်မှာဆိုရင် ဆန်တွေ ရိက္ခာတွေကို အကန့်အသတ်ဝယ်ရတာလေ။ အိမ်ထောင်စုဇယားပြပြီးမှ တစ်ပတ်စာဆို တစ်ပတ်စာ။ လူဦးရေဘယ်လောက်ရှိတယ်။ လူဦးရေနှစ်ယောက်ဆိုရင် နှစ်ယောက်စာ တစ်ပတ်ကို တစ်ရက် ဆန်ဘယ်နှစ်ဘူး အဲဒီလိုမျိုးပေးပြီးမှ ရောင်းပေးတာ။
ဆေးခန်းတွေဘာတွေဆိုတာ သူတို့ရွာထဲဝင်မယ်ဆိုရင် နီးနီးပဲလေ။ ဒါမယ့် အဲဒါမျိုး အတန်တန်လုပ်ထားတော့ သူတို့က မသွားရဲမလာရဲတော့ စီးပွားရေးလည်း နှောင့်နှေးတယ်ပေါ့ သူတို့မှာ။ စီးပွားရေးလည်း နှောင့်နှေး ကျန်းမာရေးလည်း အဆင်မပြေ ပညာရေးလည်း ဆုံးရှုံးတယ်။
သူတို့မှာဆိုရင် ဒါအခုမှ စစ်ဘေးဒဏ် ခံရတာပေါ့။ သူတို့ထက်အရင် အစ်မတို့ တကူ သာရဝတို့ဖက်မှာ အရင်ခံရတယ်။ အခုမှ စစ်ကောင်စီနားမှာရှိတဲ့ ရွာသားတွေခံစားရတာပေါ့။
မေး – နောက်တစ်ခုက တနင်္သာရီမြို့နယ်ထဲမှာ အရင်က စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် လုပ်ဆောင်ထားတာရှိတယ်။ အခုနောက်ပိုင်း ဒီဖြတ်လေးဖြတ်သာမက ကျေးရွာချင်းဆက် လမ်းပိုင်းတွေကို ပိတ်ဆို့ လာတာကြောင့် အစ်မတို့ စစ်ဘေးရှောင်အဖွဲ့တွေအတွက် ဘာတွေဆက်ဖြစ်နိုင်လဲ။
ဖြေ – အရင်ကတော့ ဒီလိုမျိုး နည်းနည်းပါးပါးသွားလာနေရတော့ အစ်မတို့ဆေးတွေ ပြီးတော့ စားနပ်ရိက္ခာတွေ အမြဲတမ်းလို နည်းနည်း နည်းနည်းစီ သယ်ယူလို့အဆင်ပြေတယ်ပေါ့။ အခုကကျတော့ အစစ်အဆေးတွေ တအားများတယ်လေ။
ပြီးတော့ ခရီးသွားတဲ့ လူဆိုမှာလည်း အိတ်လေးဆို ကြီးကြီးမားမားတောင် ယူဆောင်လို့ မရတော့ဘူး။ ဆေးတွေ ဝါးတွေ သယ်ရတဲ့ စုဆောင်းရတဲ့ အနေအထားမှာ အခုအစ်မတို့မှာ စစ်ရှောင်အရေးမှာ လုပ်နေတဲ့ သူတွေဖြစ်တဲ့အတွက် ဖြစ်လာမယ့် ရောဂါတွေအတွက် ဒီလဆို ဘာရောဂါတွေ ဖြစ်နိုင်လဲ။
နောက်လဆို ဘာရောဂါတွေ ဖြစ်နိုင်လဲ။ နောက်တစ်လဆို ဘာရောဂါဖြစ်နိုင်လဲပေါ့။ အခု ကြားကာလ ဘာရောဂါအနေအထားဖြစ်နိုင်လဲဆိုရင် ဆေးတွေကြိုပြီးမှ စုရတဲ့အပိုင်းတွေရှိတယ်။ အဲ
ဒါတွေအတွက်လည်း တအားပင်ပန်းတယ်။ ပြီးတော့ အဓိက ဆန်၊ ဆီ၊ ဆား။ အဲဒါတွေမရှိရင်လည်း အစ်မတို့မှာ အဆင်မပြေဘူး။ အဲဒါတွေအတွက်လည်း စုဆောင်းတဲ့နေရာမှာ အရင်ကထက် နှောင့်နှေးလာတယ်။
မေး – နောက်ဆုံးအနေနဲ့ ကျွန်တော်မမေးမိတဲ့အထဲမှာ အစ်မတို့အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာများရှိရင် ကျေးဇူးပြုပြီး ပြောကြားပေးပါ။
ဖြေ – အစ်မတို့မှာ အားနည်းချက်တစ်ခုရှိနေတယ်။ ဒါဖုန်းလိုင်းရယ် အင်တာနက်လိုင်းရယ် အခက်အခဲရှိတော့ စစ်ရှောင်အရေး လှုပ်ရှားတဲ့သူတွေမှာ တအားလည်း ပင်ပန်းနေပြီပေါ့နော်။ ဒါပေမယ့် အဲဒါ အစ်မတို့ နွေဦးမေတ္တာပေ့ချ်ကတော့ ရုတ်သိမ်းထားတာ မဟုတ်ပါဘူး။ မရုတ်သိမ်းသေးတာပေါ့နော်။
အမှန်တကယ်လည်း ရှိနေတယ် လိုင်းမကောင်းတော့ အစ်မတို့ အလှူရှင်လည်း မရှိတော့ အသစ်မဝင်ဖြစ်တာ အဲဒါကို စစ်ဘေးရှောင်ပေ့ချ်ကနေပြီး အလှူရှင်တွေကနေ လာပြီးတော့ ဆက်သွယ်နိုင်တယ်ဆိုတဲ့အကြောင်း အစ်မတို့ ဖြည့်စွက်ပြီး ပြောချင်တယ်။
သံလွင်တိုင်းမ်