မော်လမြိုင်၊ ဒီဇင်ဘာ ၁၈

နိုင်ငံတဝန်းမှာ အခုလနှစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၂၄ ဦး စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပြီး မန္တလေးတိုင်းမှာ သေဆုံးသူ ၁၂ ဦးနဲ့ အများဆုံးဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မန္တလေးတိုင်း တောင်သာမြို့နယ် မိုးနှောင်းခင်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ဒေါ်စန်းဝင်း ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၆၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.