နေပြည်တော် ၊ ဒီဇင်ဘာ ၁၈

တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်နယ်မြေတွေ တိုးလာနေတဲ့အပေါ် စစ်ကောင်စီရဲ့ လေတပ်စခန်းတွေကို တိုက်ခိုက်နိုင်မှသာ အရပ်သားတွေကို အကာအကွယ်ပေးနိုင်မယ်လို့ CDM လေတပ် တပ်ကြပ်ကြီးဇေယျက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ အညာဒေသအပါအဝင် ကချင်၊ချင်း၊ကရင်နီ၊ရှမ်းမြောက်နဲ့ ရခိုင်တို့မှာ စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၀ နီးပါးကို ဒေသတွင်း လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့နီးပါး တော်လှန်ထိုးစစ်တွေကြောင့် မြေပြင်စစ်ဆင်ရေးတွေမှာ တိုက် ခိုက်ရေးရော စိတ်ဓာတ်ရေးရာပါ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားထားလာနေတာပါ။

တစ်ဘက်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကိုလည်း မြေပြင်ထိုးစစ်တွေ မဆင်နွှဲနိုင်သည့်တိုင် အုပ်ချုပ်ရေး ယန္တရားမလည်ပတ်နိုင်အောင် အရပ်သားတွေနဲ့ ဆိုင်တဲ့ အဆောက်အဦးတွေကို ပစ် မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။

ဒါကြောင့် စစ်ကောင်စီလေတပ်ရဲ့ လူသားအရင်းအမြစ်တွေကို တိုက်ခိုက်တာနဲ့ လေယဉ်တွေကို ဖျက်ဆီးခြင်းကသာ သိမ်းထားတဲ့ နယ်မြေနဲ့ ပြည်သူတွေကို ကာကွယ်နိုင်မယ်လို့ CDM လေတပ် တပ်ကြပ်ကြီးဇေယျက သုံးသပ်ပါတယ်။

“ပြဿနာက ပြည်သူတွေကို ကာကွယ်ဖို့မှာကျတော့ သိမ်းထားတဲ့မြို့တွေကို ညလူခြေတိတ်ချိန် ပြည်သူတွေ အိပ်မောချိန်မှာဝင်ပြီး ဗုံးကြဲတာဖြစ်တဲ့အတွက် အဲဒါကာကွယ်ဖို့ အတော်ခက်ခဲတယ်။ ပြည်သူတွေကို လုံးဝကာကွယ်ဖို့ ထိခိုက်မှုမရှိဖို့ အလုံးစုံမထိခိုက်အောင်လုပ်ဖို့ တစ်နည်းပဲရှိတယ်။ စစ်ကောင်စီရဲ့ လူသားအရင်းအမြစ်တွေကို တိုက်ခိုက်တာနဲ့ လေယာဉ်အပေါ်မတက်အောင် လေ တပ်တွေကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးတာပေါ့။ အဲဒီနည်းလမ်းကပဲ သိမ်းထားတဲ့ နယ်မြေတွေ ပြည်သူတွေကို ကာကွယ်နိုင်မယ့်နည်းလမ်းပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပြေးလမ်းချော်မှုကြောင့် လေယာဉ်တချို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပေါ် ဒီဇင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်(လေ) ရဲ့ နှစ်ပတ်လည် အခမ်းအနားမှာ ပြန်လည်ဖြည့်တင်းထားတာပါ။

ဖြည့်တင်းထားတဲ့ လေယာဉ်အမျိုးအစားတွေထဲမှာ Mi 17 ရဟတ်ယာဉ် သုံးစီး ၊ FTC 2000 G တိုက်လေယာဉ်သုံးစီး ၊ K-8W တိုက်လေယာဉ် တစ်စီးနဲ့ Y-8 ထောက် ပို့လေယာဉ် တစ်စီး စုစု ပေါင်း လေယာဉ်

ရှစ်စီးကို အခမ်းအနားမှာ ခင်းကျင်းထားတာ တွေ့ရပါတယ်။

အဲဒီအခမ်းအနားမှာ စစ်ခေါင်းဆောင်က လေကြောင်းနဲ့ အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာမို့ လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရင် ရန်သူအပေါ် ချေမှုန်း နိုင်တယ်လို့ ဆိုပါတယ်။

စစ်‌ကောင်စီတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်နဲ့ တိုက်ခိုက်စွမ်းရည် ပိုမိုအားကောင်းစေတာကို တွေ့မြင်နေရတာကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မျက်ခြည်မပြတ် လေ့လာဆန်းစစ်ပြီး ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နေရမယ်လို့ ပြောသွားခဲ့တာပါ။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ လေကြောင်းတိုက်ခိုက်မှုဟာ လက်ရှိအတိုင်း ဆက်သွားနေဦးမှာ ဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေနေနဲ့ သိမ်းထားတဲ့နယ်မြေက ပြည်သူတွေကို ကာကွယ်နိုင်ရမယ်လို့ ထောက်ပြပါတယ်။

“စစ်ကောင်စီလေတပ်နဲ့ ပတ်သက်တဲ့ စစ်ကောင်စီလေတပ်ကိုကိုင်တွယ်ဖို့ တိုင်းရင်းသားလက်နက် ကိုင်တွေအားလုံး ပြီးတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်တွေအားလုံး တာဝန်ရှိသူတွေ စုပေါင်းပြီး ဖြေရှင်းရမယ့် ပြဿနာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် ကိုယ်သိမ်းထားတဲ့ မြို့တွေဒေသတွေက ပြည်သူလူထုကို မကာကွယ်နိုင်လို့ရှိရင်တော့ သိမ်းထားတာ အလကားပဲ ဖြစ်သွားမယ်” လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဩ ဂုတ်လဆန်းကနေ နိုဝင်ဘာလကုန်ထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄၀ နီးပါး သေဆုံးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ရခိုင်ပြည်နယ်က ၈၈ ဦးနဲ့ ရှမ်းပြည်နယ်က ၄၃ ဦး အများဆုံး သေဆုံးခဲ့ရတာလို့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ AAPP ရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။

လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက လေယာဉ်ပစ်လက်နက် လုံလောက်မှုမရှိတဲ့အတွက် ပြည်သူတွေကို ဗုံးခိုကျင်းတူကြဖို့နဲ့ ကြိုတင်အသိပေးစနစ်အတွက် လိုအပ်တဲ့လမ်းညွန်မှုတွေ အသိပညာပေးဟောပြောတာတွေတော့ ရှိပါတယ်။

စစ်ရေးသုတေသီတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ထိန်းချုပ်ထားတဲ့ နယ် မြေတွေကို ရေရှည်မှာ ကြံ့ကြံ့ခံ ထိန်းထားနိုင်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ လေ ကြောင်းရန်ကာကွယ်ရေး စစ်လက်နက်တွေ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.