ရေး၊ ဒီဇင်ဘာ ၁၇

မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာ ကွမ်ကျိုက်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တပ်အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ အဲဒီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ မွန်ပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်မသိရသေးဘူးလို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းဟာ လွန်ခဲ့တဲ့သုံးလခန့်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး အခုနောက်ပိုင်းမှာ စစ်ကောင်စီဘက်က လာရောက်တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။

ဒေသခံတွေကလည်း တိုက်ပွဲပြီးနောက် ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက် ကြီး အလုံး ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ NMSP AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF ရဲ့ ဒေါနစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းကာလတွေအတွင်း ရေး-သံဖြူဇရပ်လမ်းပိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပြီး ဗျုဟာအရ အရေးကြီးတဲ့နေရာတွေမှာ ဝင်ရောက်တပ်စွဲ နေရာယူတာတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.