လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်တဲ့ နို့ဒေးစခန်းကုန်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မာနယ်ပလောဒေသထဲမှာ နောက်ဆုံးကျန်ရှိတဲ့ နို့ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

နို့ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေအပါအ ဝင် စစ်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေ ဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ KNU ဌာနချုပ်ဟောင်းဖြစ်ခဲ့ဖူးတဲ့ မာနယ်ပလောဒေသထဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ ကဆောဝါးလေး၊ ဖူးလေကုန်း၊ မြောက်ကုန်း၊ နို့ဒေး၊ သဒေ့ါဝါးလေး၊ ကယ်ဂေါ်ကျိုးစတဲ့ စခန်းတွေ အခြေစိုက်တပ်စွဲထားကြပြီး အဲဒီစခန်းတွေအားလုံးကို KNLA ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာလပိုင်းကတည်းက စတင်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

ပူးပေါင်းအဖွဲ့တွေရဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင် စစ်ကောင်စီတပ်သားတွေဟာ မခံနိုင်တော့ဘဲ စခန်းတစ်ခုပြီးတစ်ခု အသီးသီး စွန့်ခွာထွက်ပြေးသွားခဲ့ကြရာ နောက်ဆုံးမှာ နို့ဒေး(ပွိုင့်-၉၁၃)စခန်းဆီကို ပြန်လည်ဆုတ်ခွာလာခဲ့ကြပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ဆက်လက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဟာ ရိက္ခာပစ္စည်းနဲ့ မြေပြင်စစ်ကူမရတဲ့အချိန်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတာဖြစ်ပါတယ်။

KNU မာနယ်ပလောဌာနချုပ်ကို ၁၉၉၅ ခုနှစ်မှာ စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်သိမ်း ပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

မာနယ်ပလောဒေသ ပြန်လည်ထိန်းချုပ်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအ စည်းအရုံး KNU က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ မကြာမီ အသေးစိတ်ထုတ်ပြန်ပေးမယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသထဲမှာ စစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီဖြစ်သလို မာနယ်ပလောအထက်ဘက် တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကြောင်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Saw Kaw

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.