မကွေး ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ် တောင်ကုတ်ကနေ စစ်ရှုံးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်ကကျေးရွာတွေမှာ ပုန်းအောင်းနေထိုင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို​​​ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှာ ပဲခူးကနေ တောင်ကုတ်ဘက်ကို စစ်ကူသွားတဲ့ စစ်​ကောင်စီအင်အား ၁၀၀ ကျော်ဟာ တောင်ကုတ်မြို့မှာတိုက်ခိုက်ခံခဲ့ရပြီး ဒီဇင်ဘာ ၁၂ ရက်မှာပြန်ဆုတ်လာတာပါ။

“သူတို့ အဲဒီနေ့က စစ်ကူသွားတာ တစ်ရာကျော်တယ်။ ပြန်လာတော့ နှစ်ဆယ်ငါးယောက်လောက်ပဲ ပါတယ်။ တချို့က နယ်မြေခံရင်းတွေကိုအကြောင်းမကြားဘူး။ ဒဏ်ရာရတွေလည်း များတယ်” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တောင်ကုတ်က ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေက မကွေးတိုင်း မင်းတုန်းမြို့နယ်နဲ့ ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်ကြားက ကျေးရွာတွေမှာ အရပ်ဝတ်နဲ့ ပုန်းအောင်းနေထိုင်တာတွေ ပြုလုပ်နေတာပါ။

နယ်မြေခံ စစ်ကောင်စီတပ်ရင်းတွေကို အကြောင်းကြားပြီး ပူးပေါင်းတာ ၂၅ ယော​က်လောက်သာရှိပြီး ကျန်အင်အားတွေက သေဆုံးတာနဲ့ ပူးပေါင်းခြင်း မရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ပုန်းအောင်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ရာထူးကြီးသူတွေလည်းပါဝင်ပြီး တချို့က တောင်ကုတ်ကနေ ပြေးလာတဲ့ လမ်းတစ် လျှောက်မှာ အစာနဲ့ရေပြတ်လပ်ကာ သေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဒဏ်ရာရလူနာတွေကို မကွေးစစ်တပ်ဆေးရုံမှာကုသပေးနေပြီး ပြန်လည်ကောင်းမွန်ပါက ရခိုင်ပြည်နယ်ဘက်ကို စစ်ကူထပ်လွှတ်တဲ့အတွက် တပ်ပြေး ဒါမှမဟုတ် သေဆုံးစာရင်းဝင်အောင်ကြိုးစားနေကြတာဖြစ်တယ်လို့ သိရပါတယ်။

မကွေးစစ်ဆေးရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့အဆိုအရ​ ဒီဇင်ဘာ ၁၂ ရက်မှာ ခြေပြတ်လက်ပြတ်ဒဏ်ရာရ လူနာတွေဟာ စစ်ကောင်စီ ဖောကားသုံးစီးနဲ့ ဆေးရုံကိုရောက်လာတယ်လို့ သိရပြီး ဘယ်ကလာတယ်ဆိုတာတော့ မသိရပါဘူး။

တောင်ကုတ်မြို့ စကခ ၅ ကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၄ ရက်က အပြီးသတ် သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ တောင်ကုတ်ရှိ စစ်ကောင်စီတပ်သားတွေဟာ ပဲခူးတိုင်းအတွင်းက မြို့တွေဘက်ကိုထွက်ပြေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.