သိမ်ဇရပ် ၊ ဒီဇင်ဘာ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တွေထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာရှိ KKK ကြက်စာအရောင်းဆိုင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတို့ကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဒေသအခြေစိုက် တော်လှန်ရေး ရဲဘော်တွေရဲ့ ပြောပြချက်အရ အဲဒီပစ်ခတ်မှုဟာ နှစ်ဖက်အပြန်အ လှန် ကင်းပုန်းလာဝပ်စဉ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို တော် လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ အဲဒီပစ်ခတ်မှုအတွင်း ခရီးသွားကားတစ်စီး ကြားညှပ်ပစ်ခတ်ခံခဲ့ရပြီး ခရီး သည်တစ်ဦး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုပြီးနောက် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာနိုင်တဲ့ လမ်းကြောင်းတွေဘက်ကို လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.