မော်လမြိုင် ၊ ဒီဇင်ဘာ ၁၇
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်းတွေ အကြီးအ ကျယ် ထည့်သွင်းကျင်းပနေတဲ့အတွက် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုရက် ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်မှာ လုယက်ခံရတဲ့ဖြစ်စဉ် ခြောက်ခုထက်မနည်း ရှိနေပါတယ်။
အဲဒီဖြစ်စဉ်တွေထဲမှာ လမ်းသွားလမ်းလာနေတဲ့ ပြည်သူတွေဆီကနေ ပိုက်ဆံအိတ်နဲ့ဖုန်းတွေလုပြေးတာ၊ ရွှေဆိုင်တွေအတွင်း ဝင်ရောက်လုယက်တာ၊ လမ်းဘေးဖွင့်ထားတဲ့ ဈေးဆိုင်တွေမှာ ပိုက် ဆံဝင်လုတဲ့ဖြစ်စဉ်တွေအထိ ဖြစ်ပေါ်နေပါတယ်။
အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက မြို့ပေါ်မှာလုယက်မှုတွေ ဖြစ်ပွားလာတာဟာ စစ်ကောင်စီက ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကြောင့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ပွဲတွေဘုရားပွဲတော်တွေဆိုပြီး နာမည်တပ်တယ်။ လောင်းကစား ဝိုင်းကြီးပဲ။ အဲဒီအခါကျတော့ လူ ကြီးလူငယ်မှန်သမျှ လောင်ကစားဝိုင်းတွေမှာ ဝင်ကစားတယ်။ ကစားသလောက် ရှုံးတဲ့အခါကျတော့ အရင်းပြန်လိုက်ဖို့က အဓိကတော့ ဒီလူတွေရဲ့ အကျင့်စာရိတ္တပျက်ပြားအောင် လောင်းကစားဝိုင်းတွေလုပ်တယ်။ ရှုံးတဲ့အခါမှာ အရင်းလိုက်တယ်။ လိုက်ဖို့မရှိတော့ ပိုက်ဆံမရှိတဲ့အခါကျတော့ ခိုးမယ်။ လုမယ်။ ယက်မယ်။ ဒါတွေပဲ ဖြစ်လာတာပေါ့”လို့ သူက ပြောပါတယ်။
လုယက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေထံ တိုင်ကြားပါက ငွေကြေးပေးဆောင်နေရတာ၊ ကာယကံရှင်တွေကို အသေးစိတ် ပြန်လည်စစ်ဆေးမှုတွေ ရှိနေတဲ့အတွက် အများစု မတိုင်ကြားချင်ကြဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
မော်လမြိုင်မြို့ရဲ့ လူစည်းကားရာ နေရာတွေမှာ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိတဲ့အပေါ် ပြည်သူတွေဘက်က မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံ နောက်တစ်ဦးကလည်း စစ်ကောင်စီရဲ့ လောင်းကစားဝိုင်းတွေကြောင့် နောက်ပိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဒီထက်အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“အခုဆို ကျွန်တော်တို့ မော်လမြိုင်မှာဆိုဗျာ။ ပွဲတော်တွေ အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ အဓိကလုပ်တယ်။ လူတွေက ပိုက်ဆံရမလားဆိုပြီးတော့ အဲဒီလောင်းကစားကို သွားသွားထိုးတော့ လောင်းကစားသမားတွေကလည်း အဓိကဒိုင်တွေပဲနိုင်နိုင်ပြီးတော့ အကုန်လုံးပြန်လာတော့ ဒီမှာက အခုဆို တဖြည်းဖြည်းနဲ့ ဆိုင်ကယ်ခိုး၊ ပေါ်တင်ခိုးပေါ်တင်လုတာတွေ အကုန်လုံးဖြစ်လာပြီ။ ဒီထက်ပိုဆိုးဖို့ပဲရှိတယ်”လို့ ဆိုပါတယ်။
မော်လမြိုင်မြို့မှာ စစ်တပ်အာဏာမသိမ်းမီက လုယက်မှုဖြစ်စဉ်တချို့သာ ရှိခဲ့ပေမယ့် အာဏာ သိမ်း လေးနှစ်နီးပါးကာလအတွင်း လုယက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာတဲ့အတွက် အိမ်ထဲကနေအပြင်ထွက်ဖို့တောင် လုံခြုံမှုမရှိတော့ဘူးလို့ သူကဆက်ပြောပါတယ်။
လုယက်မှု ကျူးလွန်သူအများစုဟာ အုပ်စုဖွဲ့ လုပ်ကိုင်တာအပြင် ဓားနဲ့လက်နက်ငယ်တွေ ပါရှိတာကြောင့် ပြန်လည်ခုခံပါက ကာယကံရှင်တွေပါ ထိခိုက်နစ်နာမှု ရှိနိုင်တဲ့အတွက် ငြိမ်ခံနေရတဲ့ အခြေ အနေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီဟာ မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့ရွာတွေမှာ ပွဲတော်တွေနဲ့ စည် ကားနေရမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရပ်ကွက်ကျေးရွာတိုင်းမှာ လောင်းကစားဝိုင်းတွေ ထည့်သွင်းပြီး ပွဲလမ်းသဘင်တွေ ကျင်းပနေတာပါ။
အများပြည်သူ လုံခြုံရေးအတွက်ဆိုပြီး မြို့အဝင်အထွက်အပါအဝင် မြို့ပေါ် နေရာအနှံ့ CCTV ကင် မရာအလုံးရေ ရာနဲ့ချီ တပ်ဆင်ထားတဲ့ မော်လမြိုင်မြို့မှာတော့ လက်ရှိအချိန်အထိ လုယက်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
Safe City ခေါင်းစဉ်နဲ့ မော်လမြိုင်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေမှာ လူတွေကို မှတ်သားထားနိုင်တဲ့ ကင်မရာတွေ၊ ကားနဲ့ဆိုင်ကယ်နံပါတ်တွေ ဖက်လို့ရတဲ့ ကင်မရာတွေအပြင် ၃၆၀ လှည်ပတ် ကြည့်ရှုနိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်းယူနိုင်တဲ့ ကင်မရာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ