မော်လမြိုင်၊ ဒီဇင်ဘာ ၁၆
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊တပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေထံ ဆက်သွယ်အလင်းဝင်လာတာပါ။
အလင်းဝင်လာသူတွေထဲမှာ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေလည်း ရှိပြီး လက်နက်ယူဆောင် လာသူတွေကို ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ရဲတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG/MOD