မကွေး ဒီဇင်ဘာ ၁၆
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ အဲဒီအဖမ်းခံရသူနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။
အဲဒီဒေသခံကို ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး ၆ ရက် ကြာတဲ့အထိမိသားစုနဲ့ အဆက်သွယ်ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ဇီးခြံက ဦးအေးဆိုတဲ့သူကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာမှန်းမသိရဘူး။ မိသားစုနဲ့လည်း အဆက်သွယ်မရဘူးပြောတယ်။ နှိပ်စက်နေမလားစိုးရိမ်ရတာပေါ့”လို့ ဦးအေးနဲ့ နီးစပ်သူတစ်ယောက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဖမ်းခံရသူ ဦးအေးကို အခုနှစ်ထဲမှာပဲ မဲဇလီရဲစခန်းမှာ နှစ်လ ကျော်ကြာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ပြန်လွတ်လာတာ လပိုင်းပဲရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးအေးက အနေအေးသူဖြစ်ပြီး နိုင်ငံရေးကိစ္စတွေနဲ့ ဝင်ရောက်စွက်ဖက်တတ်သူမဟုတ်ဘဲ အခုလိုဖမ်းဆီးရတာဟာ PDF တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းဝိုင်းက ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီအင်အား ၂၀ ဝန်းကျင်ဟာ ဖလံကျင်းကျေးရွာကို ဝင်ရောက်မေးမြန်းတာတွေပြုလုပ်ပြီး ရွာနဲ့မျက်နှာချင်းဆိုင်က ဇီးခြံမှာရှိတဲ့ နေအိမ်မှာ ဦးအေးကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
မိသားစုတွေအနေနဲ့ ဦးအေး ဖမ်းဆီးခံရတဲ့အကြောင်းရင်းနဲ့ အခြေအနေသိရဖို့ သွားရောက် စုံစမ်းတာတွေ ပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီက လက်မခံတဲ့အတွက် တွေ့ဆုံနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေနဲ့ နီးစပ်သူတချို့ကတော့ ဦးအေးကို ဝါစိုက်ပျိုးရေးတပ်က ဖမ်းဆီးတာဖြစ်ပြီး စစ်ကြောရေးပြုလုပ်နေတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
ဖလံကျင်းကျေးရွာကို စစ်ကောင်စီက အဝင်အထွက်တွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပြီး ကျီးလန့်စာစားနေရတယ်လို့ ပြောဆိုနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်