တနင်္သာရီ၊ ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း ဒေသခံ ၃၆၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အဲဒီထဲမှာ ၁၅၀ ကျော်သာ ပြန်လွတ်လာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ ဖမ်းဆီးခံရသူအ များစုဟာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရတာ၊စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် အဖမ်းခံရတာ၊ PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
အစီရင်ခံစာအရ စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် အရပ်သားပြည်သူ ၃၅၈ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၁၅၇ ဦးသာ ပြန်လွတ်လာကာ နှစ်ဦးသေဆုံးခဲ့ပါတယ်။
အရပ်သား အသတ်ခံရမှုအရ နိုဝင်ဘာလအတွင်း အရပ်သားပြည်သူ ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲဒီထဲက ၁၁ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတို့ကြား ထိတွေ့တိုက်ပွဲ ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူ ၆၈၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး အရပ်သား ၂၀၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ