ကျောက်ကြီး၊ ဒီဇင်ဘာ ၁၄
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ(လယ်ဒိုကော်ဆာ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
KNU ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထောင်ချငွေညှစ်တာ၊ ရိုက်နှက်တာ၊ ပစ္စည်းတွေခိုးယူမီးရှို့တာတွေအပြင် ပြည်သူလူထုကို မတရား စစ်မှုထမ်းစေခိုင်းတာအစရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အောက်တိုဘာလကနေ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကွဲမှုအောက်ရှိ အမြောက်တပ်၊ လေတပ်၊ ကြည်းတပ်တို့ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးအလုံးပေါင်း ၂၂၄ လုံး၊ လေတပ်ကနေ ဗုံး ၂ လုံး ကြဲချခဲ့တဲ့အပြင် အော်လီဂန်းစက်သေနတ်နဲ့ ၄ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၃၇ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၆ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅ ကျောင်း၊ ဆေးပေးခန်း ၂ လုံး ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် နွားတစ်ကောင်လည်း ထိမှန်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေထိုင်ရပ်တည်နေရတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ လယ်ဒိုကော်ဆာက ဆိုထားပါတယ်။
ပြည်သူလူထုအပေါ် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေတဲ့ ဘယ်အဖွဲ့အစည်းပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာရှုံ့ချပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်အားပေးလှုံ့ဆော်နေတာတွေကို ရပ်တန့်ဖို့၊ စစ်ရှောင်ပြည်သူလူထုရဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ လိုအပ်နေမှုတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU