မော်လမြိုင်၊ ဒီဇင်ဘာ ၁၅

စစ်အာဏာရှင်စနစ်ကို ဖြိုချနေတဲ့ တိုင်းရင်းသားဒေသအများစုမှာ စစ်ရေးအသာစီးရနေချိန် မွန် ပြည်နယ်မှာတော့ စစ်‌ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မယ့် ထိုးစစ်တွေဆင်နွှဲတာတွေ မတွေ့ရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၀ နီးပါးကို ကချင်၊ရှမ်းမြောက်၊ကရင်နီ၊ချင်းနဲ့ ရခိုင်က ဒေသအခြေစိုက် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အများဆုံးသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါပေမယ့် လက်နက်ကိုင်နည်းလမ်းနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ အဖွဲ့ပေါင်း ၃၀ ထက်မနည်း ရှိနေတဲ့ မွန်ပြည်နယ်မှာတော့ စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေဆဲပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက မွန်တောင်ပိုင်းအနေနဲ့ ဗျူဟာမြောက် ဦး ဆောင်နိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် တော်လှန်ရေးအဖွဲ့သစ်တွေက တိုက်ပွဲဆင်နွှဲဖို့ အ တော်ခက်ခဲတယ်လို့ ပြောပါတယ်။

“ဗျူဟာကျကျ ဗျူဟာမြောက် ဦးဆောင်နိုင်တဲ့အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းမှမရှိဘူးဗျ။ နဂိုရှိ ရင်းစွဲအဖွဲ့တွေက စစ်ကောင်စီကို တိုက်မနေဘူး။ တိုက်တာထက် နယ်မြေစိုးမိုးရေးလောက်ပဲ စိတ် ဝင်စားကြတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီအပေါ်မှာ တော်လှန်ရေးအဖွဲ့သစ်တွေက ကိုယ့်အား ကိုယ်ကိုးပြီး ပြည်သူတွေရဲ့ ထောက်ပံ့တဲ့ လက်နက်လေးနဲ့ စတင်ပြီးတော့ တိုက်ပွဲဝင်တဲ့အခါကျတော့ ဗျူဟာ‌မြောက်တိုက်ပွဲဝင်နိုင်တဲ့ လက်နက်တွေမရှိတဲ့အပေါ် တိုက်ပွဲကြီးတွေဆင်နွှဲဖို့ အတော်လေးအခက်အခဲရှိတယ်လို့ ကျွန်တော်မြင်တယ်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် နဂိုရှိရင်းစွဲ လက်နက်ကိုင်အဖွဲ့အစည်းတွေက လွတ်မြောက်နယ်မြေဆိုတဲ့ခေါင်းစဉ်အောက်ကနေ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သစ်တွေကို လှုပ်ရှားမှုတွေ ကန့်သတ်တာနဲ့ သက် ဆိုင်တယ်လို့ သူကဆိုပါတယ်။

ပြည်သူတွေရဲ့ ထောက်ပို့မှုကလည်း မွန်ပြည်နယ်မှာ တိုက်ပွဲအကြီးကြီးဆင်နွှဲနိုင်တဲ့ အဆင့်အထိ မလုံလောက်သလို ရှေ့မှာလည်း တပ်တွေတကွဲတပြားဖြစ်နေတဲ့အတွက် မွန်တောင်ပိုင်းမှာ ထိုးစစ်မဆင်နွှဲနိုင်တဲ့ အကြောင်းအရင်းတွေလို့ နိုင်နဂါး ဆိုပါတယ်။

တောင်ပိုင်းဒေသထဲက သံဖြူဇရပ်နဲ့ ရေးမြို့နယ်ဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အား ကောင်းတဲ့ ဒေသဖြစ်သလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အသစ်တွေ အများအပြားတည်ရှိနေတာပါ။

သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ကလည်း ရေးမြို့နယ် ချောင်းဖျားဒေသမှာအခြေစိုက်ပြီး ပါတီအနေနနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ Bilateral Agreement စာချုပ်အတိုင်း ရပ်တည်နေပါတယ်။

မြောက်ပိုင်းဒေသ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ အခြေစိုက်တဲ့ လက်နက်ကိုင်တော်လှန် ရေး အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဦးဆောင်မှုအောက်မှာ သွားနေတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မွန်မြောက်ပိုင်းဒေသအပါအဝင် ပြည်နယ်ထဲက မြို့နယ်တချို့နဲ့ကျေးရွာတွေမှာ စစ်ရေးခွင်ရှိသလို နယ်မြေစိုးမိုးမှုနဲ့အုပ်ချုပ်မှုကလည်း အထိုက်အလျောက်ရရှိထားတာပါ။

ဒါပေမယ့်လည်း မြောက်ပိုင်းဟာ တောင်ပိုင်းနဲ့အလားတူ စစ်‌ကောင်စီတပ်စွဲထားတဲ့ နယ်မြေရဲစ ခန်းတချို့နဲ့ စစ်ဆေးရေးဂိတ်တွေ၊ လုံခြုံရေးယူထားတဲ့ တိုးဂိတ်တွေကို ဝင်ရောက်တိုက်ခိုက်တာနဲ့ ကြားဖြတ်တိုက်ခိုက်တာလောက်ပဲ ရှိပါတယ်။

အခြေအနေပေးလာရင်တော့ စစ်ကောင်စီတပ်ရင်းတချို့နဲ့ အမြောက်တပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လောင်ချာနဲ့ ပစ်ခတ်တာလောက်ပဲရှိပြီး စစ်ကြောင်းထိုးလာရင်တော့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတော့ ရှိပါတယ်။

သထုံခရိုင် PDF တာဝန်ခံကတော့ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ ပြင်ဆင်နေဆဲဖြစ်တဲ့အတွက် နောက်ပိုင်းမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဒေသတွင်းစစ်ရေးအခြေအနေတွေ လေ့လာနေသူတစ်ဦးက မွန်နဲ့ကရင်တွေက စစ်ရေးထက် နိုင်ငံ ရေးကစားကွက်ကိုပဲ အကွက်ရွှေ့နေတာကြောင့် စစ်ကောင်စီနဲ့ ရန်-ငါ ပြတ်တဲ့ မြောက်ပိုင်းလို စစ် ဆင်ရေးမျိုး တောင်ပိုင်းမှာ ပေါ်လာမယ်မထင်ဘူးလို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.