မော်လမြိုင်၊ ဒီဇင်ဘာ ၁၄

လာမယ့် ၂၀၂၅ နှစ်မှာ မြန်မာလူဦးရေ ၁၅ သန်းကျော်ဟာ စာနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

UNOCHA ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ မကြုံစဖူးအဆင့်ကို ရောက်ရှိလာပြီး လာမယ့်နှစ်မှာ အကူအညီလိုအပ်နေသူ သန်း ၂၀ နီးပါး ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီထဲက လူဦးရေ ၅ သန်းခွဲကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် တောင်းခံထားတယ်လို့ ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှု အကျပ်အတည်းတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်းထန်လာတဲ့တိုက်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် သဘာဝဘေးအန္တရာယ်နဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ဒီအကျပ်အတည်းတွေကို နိုင်ငံတဝန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေဟာ ဆိုရွားတဲ့အကျိုးဆက်တွေကို ရင်ဆိုင်နေရပြီး ပဋိပက္ခတွေကြောင့် လူဦးရေ ၃ ဒသမ ၅ သန်းနီးပါးဟာ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရတာပါ။

တစ်ဖက်မှာလည်း ဒီအကျပ်အတည်းတွေကြောင့် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းခံထားတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက်ရဲ့ ၃၄ ရာခိုင်နှုန်းစာ လက်ခံရရှိထားပြီး သန်းနဲ့ချီတဲ့ အကူအညီလိုအပ်နေသူတွေကို အပြည့်အဝ မကူညီပေးနိုင်ဘဲ အသက်အန္တရာယ်အတွက် အရေးပေါ်အကူအညီတွေသာ ကူညီပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Simsa Kasa

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.