ဘီးလင်း၊ ဒီဇင်ဘာလ ၁၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တန်းလုံခြုံရေး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း KNU သထုံခရိုင်တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်မှာ ရန်ကုန်-မော်လမြိုင်လမ်းအတိုင်းလာမယ့် စစ်ယာဉ်တန်းအတွက် လုံခြုံရေးလာယူတဲ့ စစ်ကောင်စီအဖွဲ့ကို KNLA ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုကင်းပုန်းလာဝပ်တဲ့ အဖွဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်တဲ့အကြောင်း KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုအေးနိုင်က ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA ၊ ABSDF၊ PDF ၇၈၀၅ တပ်ရင်း၊ တပ်ခွဲ ၄ ရဲဘော်တွေက ပူးပေါင်းတိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခလရ ၈ ဘက်ကနေ လက်နက်ကြီးတွေ ပစ်ခတ်တာတွေလည်းရှိခဲ့ပြီး ဒေသခံတွေ ထိခိုက်မှုရှိ မရှိဆိုတာကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ဘီးလင်းမြို့နယ်အလူးလေးကျေးရွာနဲ့ ရွှေ ရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းမပေါ်မှာ နှစ်ရက်ဆက် စစ်ကောင်စီကားတန်းတွေတိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ