မကွေး ဒီဇင်ဘာ ၁၄
မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ သင်္ကန်းဝတ် နှစ်ဦးကို လူထုဆန္ဒအပေါ် မူတည်ပြီး အပြစ်ပေးအရေးယူသွားမယ်လို့ အမှတ် ၈ စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ကာကွယ်ရေးအဖွဲ့တွေက ပခုက္ကူမြို့နယ် ရေလာလေး ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးရမိသူတွေထဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ မဘသ ဘုန်းကြီးလို့ ယူဆရသူတွေ ပါဝင်ခဲ့တာပါ။
“ကျနော်တို့ ထပ်မံပြီး ပိုတိကျအောင် စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါဦးမယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေရှိလာရင်တော့ လူထုဆန္ဒ တော်လှန်ရေး သဘောတရားတွေ အပေါ်မူတည်ပြီး အပြစ်ပေးအရေးယူမှုတွေ လုပ်သွားမှာပါ” လို့ အမှတ် ၈ စစ်ကြောင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့အထဲက မဘသဘုန်းကြီးလို့ ယူဆရသူတွေထံကနေ ဗုံးသီးနှစ်လုံးနဲ့ ကာဘိုင်သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရေလာလေး ပြည်သူ့စစ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူ သုံးဦးနဲ့ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်သုံ့ပန်း ၇ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရေလာလေးပြည်သူ့စစ်စခန်းကနေ ၆၀ မမစိန်ပြောင်း ၁ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ M2 ကာဘိုင် ၁၂ လက်၊ ရှော့ဂန်း ၃ လက်၊5.56 လက်လုပ် ၁ လက်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုနဲ့ ပထမဆုံးလုပ်ဆောင်နိုင်ခဲ့တ့ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပြီး ကျောင်းသားလက်ရုံးတပ်တော် SAF ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင် (Local) တပ်ရင်း၊ Kamma Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
အမှတ် ၈ စစ်ကြောင်း ကတော့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDA