မော်လမြိုင်၊ ဒီဇင်ဘာ ၁၅
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ ပဲခူး၊ မွန်၊ ကရင်နဲ့တနင်္သာရီ တိုင်းတို့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အ လှန် ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်း စစ်ကြောင်းတွေကို ဒရုန်းနဲ့ ၃၈ ကြိမ်အထက်၊ မိုင်းလက်နက်ကြီးတို့နဲ့ အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၁၄၉ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ဒဏ်ရာရကာ ၆ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စခန်းနှစ်ခုဖြစ်တဲ့ ဖာပွန်မြို့နယ်က ကူးဆိပ်နဲ့ မထောစခန်းတို့ကို KNL/ PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်း ဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှာတော့ ရဲဘော် ၉ ဦး ကျဆုံးခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစ်စီးလည်း ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ဖော်ပြထားပါတယ်။
တိုက်ပွဲတွေကိုတော့ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်သစ် AD ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ