မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄

နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းမှုကို တစ်ကျော့ပြန် အရှိန်မြှင့်တင်လာတဲ့အတွက် အဲဒီလို မတရားစုဆောင်းခံရသူတွေကို ကူညီပေးသွားမယ်လို့ ပြည်သူ့ရင်ခွင့်အဖွဲ့က ဒီ ဇင်ဘာ ၁၂ ရက်နေ့မှာ အသိပေးကြေညာပါတယ်။

အခုနောက်ပိုင်းမှာ စစ်ကောင်စီက လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီးပြီး စစ်မှုထမ်းစေတဲ့ ဖြစ်စဉ်တွေ မြင့်တက်နေတာပါ။

ဒါကြောင့် မတရား စစ်မှုထမ်းစုဆောင်းခံရသူတွေ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုတွေကနေ တစ်ဆင့်ဖြစ်စေ၊ ရင်းနှီးသူမိတ်ဆွေတွေကနေတစ်ဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် တိုင် ပင်နိုင်ပြီး စစ်‌ကောင်စီတပ်ကနေ လက်နက်နဲ့ဖြစ်စေ လက်နက်မဲ့ဖြစ်စေ စွန့်ခွာနိုင်ရေး ကူညီဆောင် ရွက်ပေးမယ်လို့ ဆိုပါတယ်။

မတရား စစ်မှုထမ်းစုဆောင်းခံရသူတွေထဲက ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ EROs တွေနဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ခေါ်ထုတ်ကယ်ဆယ်ခဲ့တဲ့အထဲ အသက်မပြည့်တဲ့ ကလေးသူငယ်တွေထိ ပါဝင်နေတာပါ။

စစ်ကောင်စီကတော့ တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ အတင်းအဓမ္မဆင့် ခေါ်တာမျိုး မဖြစ်စေဖို့ သတ်မှတ်ညွန်ကြားချက်တွေ စံပြုလုပ်ထုံးတွေနဲ့အညီ အလေးထားဖို့လိုတယ်လို့ ညွန်ကြားထားပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ငွေကြေးနဲ့စည်းရုံးတာ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ အကျပ် ကိုင် ဖမ်းဆီးခေါ်ဆောင်တဲ့ နည်းလမ်းတွေနဲ့ စစ်မှုထမ်းစုဆောင်းနေခဲ့တာလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီတပ်ဟာ အင်အားလိုအပ်ချက် အရေးပေါ်ဖြစ်နေတဲ့အ ခြေအနေမှာ တွေ့သမျှလူတွေကို စစ်မှုထမ်းထဲ ဆွဲထည့်လာတဲ့ အနေအထားမျိုး တွေ့ရတယ်လို့ သုံးသပ်ပါတယ်။

“စစ်တပ်မှာက အရင်တုန်းက ဥပဒေရှိတယ်။ ထောင်ကျပြီးသူတွေ စစ်တပ်ထဲဝင်လို့မရဘူး။ အခုက ထောင်က ထွက်တဲ့သူတွေပါ ထည့်လာတာတွေ့ရတယ်။ ပြီးရင်စစ်တပ်ရဲ့ နဂိုဥပဒေက ဆေးမင် ကြောင် ထိုးထားတဲ့သူတွေ တပ်သားအဖြစ် စာရင်းသွင်းလို့မရဘူး။ ဒါပေမယ့် အခုကတွေ့သမျှလူ လူဖြစ်ရင်ပြီးရော ဆွဲထည့်လာတဲ့ အနေအထားမျိုး တွေ့ရတယ်။ ဘာဖြစ်လို့ဆို သူတို့ရဲ့အင်အားလို အပ်မှုက အရေးပေါ်ဖြစ်နေတဲ့အနေအထား” လို့ ဆိုပါတယ်။

တစ်ဘက်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်တာ၊ ထွက်ပြေးတာ၊ ထိခိုက်သေဆုံးမှုတွေ ရှိလာတာကြောင့် စစ်မှုထမ်းအငှားလိုက်သူ နည်းပါးလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တစ်နှစ်နီးပါးပြည့်သည့်တိုင် နည်းဥပဒေ မထုတ်ပြန်နိုင်သေးပေမယ့် သင်တန်းအပတ်စဉ်တွေအတွက် တပ်သားသစ်တွေကို နည်းမျိုးစုံနဲ့ အဓမ္မစုဆောင်းနေတာ ဖြစ်ပါတယ်။

CDM လေတပ် တပ်ကြပ်ကြီးဇေယျက ရှေ့အပတ်စဉ်တွေက သေဆုံးတာ၊ ထွက်ပြေးတာတွေ ရှိနေတဲ့အတွက် အခုနောက်ပိုင်း ရှောင်ကြတာတွေကြောင့် စစ်ကောင်စီက အကြမ်းဖက်တဲ့ နည်းလမ်းသုံးလာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ အရင်ကထက်ပိုပြီး အကြမ်းဖက်တယ်ဆိုတာ ပုံမှန်နည်းလမ်းနဲ့ မရတော့ဘူးပေါ့။ အ ခုနောက်ပိုင်း ထွက်ပြေးတာတွေ ပိုပြီးတော့များတယ်။ နောက်တစ်ခုက အရင်တုန်းကဝင်ခဲ့သူက ကျွန်တော်သိသလောက် ရပ်ကွက်ထဲ စိတ်မနှံတဲ့သူတွေ ရူးသလိုလို ကြောင်သလိုလိုလူတွေ အများကြီးပါတယ်လို့ သိရပါတယ်။ အသက်ကြီးတွေရောပေါ့။ ရသမျှကို ခြစ်ကုတ်ပြီး စုထားတာ။ အခုအချိန်မှာ အားလုံးကသိတယ်၊ စစ်တပ်ထဲဝင်ရင် သေလမ်းသွားရမယ်ဆိုတာ၊ ရှေ့အပတ်စဉ်တွေက ဘာဖြစ်လဲဆိုတာ အကုန်လုံးကသိနေတာ။ ဒါကြောင့်မို့ မဝင်ချင်တော့ ရှောင်ကြတဲ့အတွက် အခုနောက်ပိုင်း ပိုပြီးကြမ်းကြမ်းတမ်းတမ်း သုံးလာတယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာလည်း ဒေသန္တရအမိန့်ထုတ်ပြန်ထားတဲ့ တချို့မြို့နယ်တွေမှာ အမိန့်ဖောက်ဖျက် ကျူးလွန်သူတွေကို စစ်ကောင်စီကဖမ်းဆီးကာ စစ်မှုထမ်းထဲ ဆွဲထည့်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ရင်ခွင်အနေနဲ့ စစ်ရေးတင်းမာမှုနဲ့ နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်တဲ့ လူ ငယ်တိုင်းကို ရာနှုန်းပြည့် ကယ်တင်ပေးနိုင်ခြင်းမရှိမှာကို ကောင်းစွာသိရှိသော်လည်း ကယ်တင်နိုင်မယ့် အခွင့်အရေးရှိရင် တစ်ဦးပဲဖြစ်စေ ကြိုးစားကယ်တင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.