မော်လမြိုင်၊ ဒီဇင်ဘာ ၁၃

အာဏာသိမ်းမှု လေးနှစ်ပြည့်လုနီးပါးအချိန်မှာ မြေပေါ် မွန်နိုင်ငံရေးအုပ်စုက စစ်ကောင်စီခင်းပေးတဲ့ နိုင်ငံရေးလမ်းပြမြေပုံနောက် လိုက်နေပြီလားဆိုတဲ့ မေးခွန်းထုတ်တွေးတောစရာ သုံးသပ်ချက်တွေ ရှိနေပါတယ်။

တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာ့အရေးနဲ့ဆိုင်တဲ့ စစ်ရေးနဲ့နိုင်ငံရေးကဏ္ဍတွေကို သုံးသပ်ချက် အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ RICE အဖွဲ့ ရဲ့ ၂၀၂၅ ရွေး‌ကောက်ပွဲအကြို သုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပြ ဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ Bilateral Agreement နှစ်ဘက်သဘောတူညီမှုစာချုပ်အတိုင်း ရပ်တည်နေပါတယ်။

မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီနဲ့ အမျိုးသမီးပါတီ (မွန်) ကတော့ စစ်ကောင်စီခန့် ပြည် ထောင်စုရွေး‌ကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိထားကြတာပါ။

အဲဒီမြေပေါ်မွန်နိုင်ငံရေးအုပ်စုဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ရွေး ကောက်ပွဲ ကျင်းပရေးဆိုင်ရာ တွေ့ဆုံမှုတွေကို အခုနောက်ပိုင်း ခပ်စိပ်စိပ်တက်ရောက်တာ တွေ့ရပါတယ်။

ထူးခြားချက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာပထမပတ်အတွင်း အိန္ဒိယက ဦးဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲမှာ စစ်ကောင်စီအပါအဝင် အပစ်ရပ် EAO တွေအပြင် နိုင်ငံရေးပါတီတချို့နဲ့အတူ မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီခရီးစဉ်အပြီး မွန်ပြည်သစ်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ ဦးဆောင်ကာ အခုနှစ်မကုန်မီ ကျင်းပမယ့် မွန်အမျိုးသားညီလာခံမှာ ဖက်ဒရယ်မူနဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံကို မွန်အင်အားစုတွေက ကြို တင်သုံးသပ် အတည်ပြုချက်ရယူသွားဖို့ပါ။

လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီ ကြိုးပမ်းနေချိန် အိန္ဒိယခရီးစဉ်အပြီး မွန်အမျိုး သားညီလာခံကျင်းပဖို့ အသံထွက်လာတာဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းပြမြေပုံနောက်လိုက်ဖို့ အချိန်ကိုက်စီစဉ်ခြင်းလားဆိုပြီး RICE က အတွေးပွားစရာအဖြစ် တင်ပြထားတာပါ။

ဒီအပေါ် သံလွင်တိုင်းမ်အနေနဲ့ ပါတီတွေရဲ့ တုံ့ပြန်ချက်ရဖို့ မွန်ညီညွတ်ရေးပါတီပြောခွင့်ရ နိုင်သန်းရွှေကို မေးမြန်းရာမှာ လာမယ့်အပတ် ပါတီအစည်းအဝေးပြီးမှ ဖြေကြားလို့ရမယ်လို့ အကြောင်း ပြန်ပါတယ်။

အလားတူ မွန်ပြည်သစ်ပါတီကို မေးမြန်းဖို့ ကြိုးစားပေမယ့် ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်အောင်မငေးနဲ့ အဆက်အသွယ်မရရှိပါဘူး။

မွန်နိုင်ငံရေးလေ့လာသူတစ်ဦးက စစ်ကောင်စီကို တင်ပြဖို့ မွန်အမျိုးသားကွန်ဖရင့်မှာ မွန်ပြည်နယ်ဖွဲ့စည်းပုံ ဆွေးနွေးဖို့ရှိပြီး လာမယ့်ရွေးကောက်ပွဲကျရင် မွန်ပြည်သစ်ပါတီ (ဗဟိုဌာနချုပ်) က လုံခြုံ ရေးယူပေးဖို့ ဆွေးနွေးနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့တွေပေါင်းပြီး ဒီ ၂၀၂၄ နှစ်မကုန်ခင် မွန်အမျိုးသားကွန်ဖရင့် (ညီလာခံ) တစ်ခုလုပ်ဖို့ စီစဉ်နေတယ်။ အဲဒါလည်း စစ်ကောင်စီကို တင်ပြဆွေးနွေးဖို့ မွန်ပြည်နယ် ဖက်ဒရယ်ဖွဲ့စည်းပုံ ဥပဒေကိစ္စလောက်ပဲရှိမယ်။ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲကျရင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့နဲ့ လုံခြုံရေးယူပေးဖို့ ဆွေးနွေးတာတွေ ရှိလာနိုင်တယ်”လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ NCA လမ်းကြောင်းကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားမှာဖြစ်ပြီး ကျန်တဲ့မွန်ပါတီတွေကတာ့ စစ်ကောင်စီနဲ့ ညှိနှိုင်းမယ့် နိုင်ငံရေးလမ်းစဉ်ကိုပဲ လျှောက်လှမ်းကာ ရွေး ကောက်ပွဲကနေတစ်ဆင့် အရွေးခံမယ့်သဘောလို့ သူကဆိုပါတယ်။

တစ်ဘက်မှာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မွန်တော်လှန်ရေးအင်အားစုတို့ ရှိနေပါတယ်။

မွန်နိုင်ငံရေးလေ့လာသူကတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆင်ဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ အဆင် သင့်မဖြစ်သေးသလို အဖွဲ့တွေကြားမှာလည်း နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖွဲ့နိုင်ဖို့ ခက်ခဲနေဦးမယ်လို့ သုံးသပ်ပါတယ်။

“မွန်ပြည်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေထဲမှာ စစ်ကောင်စီတပ်နဲ့ တကယ်တိုက်နေတဲ့အဖွဲ့တွေက နှစ်ဖွဲ့လောက်ပဲ ရှိသေးတယ်။ မွန်မှာ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဆင်ဖို့ လုံးဝအဆင်သင့်မဖြစ်သေးပါ။ အဖွဲ့တွေကြားမှာ နိုင်ငံရေးမဟာမိတ် စစ်ရေးမဟာမိတ်ဖွဲ့နိုင်ဖို့ ခက်ခဲနေဦးမယ်။ လော လောဆယ် အချင်းချင်းပြန်မတိုက်ကြဖို့ ညှိနေကြတာပဲ ရှိသေးတယ်”လို့ ဆိုပါတယ်။

RICE အဖွဲ့ကတော့ စစ်ရေးအားသန်တဲ့ မွန်တော်လှန်ရေးအုပ်စုဟာ ထင်သလောက် ခရီးမပေါက်သေးသလို နိုင်ငံရေးအုပ်စုကလည်း စစ်ကောင်စီခင်းပေးတဲ့လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးအတွက် လာမယ့် မွန်အမျိုးသားညီလာခံမှာ အင်အားစုနှစ်ဘက်စလုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။

ရာမညမွန်ပြည်ဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က လူထုရဲ့ဆန္ဒကအရေးကြီးဆုံးမို့ လွတ်လပ်တဲ့ မွန်ပြည်ရရှိဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးမလား ကိုယ့်ဟာကိုယ် တည်ဆောက်မလားဆိုတာ အခြေအနေကြည့်ရင် သိသာတယ်လို့ ပြောပါတယ်။

“မွန်နိုင်ငံရေးမှာ ပြည်သူလူထုရဲ့ သဘောဆန္ဒက အရေးကြီးဆုံးလို့ပဲမြင်ပါတယ်။ ကျွန်တော်တို့တွေ ဘာပဲလုပ်လုပ် ပြည်သူလူထုရဲ့ ဆန္ဒတွေကို ထည့်သွင်းဖို့က အရေးကြီးဆုံးပါပဲ။ ပြည်သူလူထုက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ နိုင်ငံရေးကိုလိုချင်တယ်။ ဟိုးယခင်ကတည်းက မွန်ပြည်သူတွေက လွတ်လပ်တဲ့ မွန်ပြည်ကို အာသီသရှိတယ်။ လွတ်လပ်တဲ့ မွန်ပြည်ရရှိရေးအတွက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပြီးရရှိနိုင်မလား ၊ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် တည်ဆောက်ရမလားဆိုတာ ဒီကနေ့ နိုင်ငံရေးအခြေအနေကို ကြည့်ရင်သိသာပါတယ်” လို့ ဆိုပါတယ်။

မွန်အမျိုးသားညီလာခံကို ၂၀၂၂ ခုနှစ် မေ ပထမပတ်အတွင်း မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေမှာ ပြည်တွင်းရှိ မွန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကျင်းပခဲ့ပြီး အဲဒီကနေ ခြောက်လအတွင်း ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.