မော်စကို၊ ဒီဇင်ဘာ ၉

ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ ဒမတ်စကတ်မြို့က ထွက်ပြေးလာပြီးနောက် မော်စကိုသို့ ရောက်ရှိနေကြောင်း ရုရှား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အာဆတ် အစိုးရရဲ့ အဓိက မဟာမိတ် ရုရှားက ဆီးရီးယားသမ္မတနဲ့ သူ့ရဲ့ မိသားစုကို ခိုလှုံခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ HTS က ဒမတ်စကတ်မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် သမ္မတ အာဆတ် ထွက်ပြေးသွားခဲ့ရတာ ဖြစ်ပြီး စောစောပိုင်းက တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် အဘူမိုဟာမက်က ဒမတ်စကတ်မြို့ ရှိ ဗလီမှာ မိန့်ခွန်းပြောကြားချိန်မှာ ကြိုဆိုသူ ပရိသတ် အများအပြား ရှိခဲ့ပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သမ္မတ အာဆတ် အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ပြည်တွင်း စစ်အတွင်း ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင်တွေကို အမေရိကန်က ကူညီနေပြီး ဆီးရီးယား အစိုးရကို ရုရှားနဲ့ အီရန်က ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် ရုရှား၊ အီရန်တို့ဟာ ကိုယ်စီစစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး ဆီးရီးယားရှိ အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင်တွေ အင်အားလျော့နေချိန်မှာ တော်လှန်ရေးတပ်တွေက တစ်မြို့ပြီး တစ်မြို့ ဆက်တိုက် သိမ်းပိုက်ပြီးနောက် သမ္မတ အာဆတ်ရဲ့ နောက်ဆုံးခံတပ် ဒမတ်စကတ်မြို့ထဲအထိ ဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အမေရိကန်အနေနဲ့ ဆီးရီးယားမှာ အာဏာ လစ်လပ်နေတဲ့အချိန် အိုင်အက်စ်အဖွဲ့ နေရာယူခွင့်ပေးမှာ မဟုတ်ဘူးလို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားပါတယ်။

ဆီးရီးယားရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အစည်းအဝေး အရေးပေါ် ကျင်းပရေး ရုရှားက တောင်းဆိုထားပါတယ်။

သမ္မတ အာဆတ်အစိုးရဟာ ညှိနှိုင်းဖို့ ကမ်းလှမ်းချက်တွေကို အကြိမ်ကြိမ် ပယ်ချခဲ့တာကြောင့် အခု အစိုးရ အဖွဲ့ ပြိုလဲတာဟာ သူတို့ ကိုယ်တိုင်ကြောင့် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားထားပါတယ်။

ပြည်တွင်းစစ် ၁၄ နှစ်ကြာပြီးနောက် ဆီးရီးယား ပြည်သူတွေအနေနဲ့ နောက်ဆုံးမှာ အနာဂတ်အတွက် မျှော်လင့်ချက်ရှိလာပြီလို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။ ပြင်သစ်သမ္မတ မက်ကရွန်က အရိုင်းအစိုင်းအစိုးရ တစ်ရပ် ပြုတ်ကျသွားပြီလို့ ပြောဆိုထားပါတယ်။

သမ္မတ အာဆတ်နဲ့ အရင်က ဆက်ဆံရေးတွေ ရှိခဲ့တဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကတော့ အစ္စလာမ်မစ်တွေ ဦးဆောင်တော့မယ့် ဆီးရီးယားကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

လက်ရှိ အနေအထားကို အိုင်အက်စ်အဖွဲ့က အသုံးချလာနိုင်တာကြောင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့က ကာကွယ်တားဆီးရေး အသင့်ပြင်ထားကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.