အမ်း၊ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့တပ်ရင်း၊ တပ်ခွဲ၊ လေဆိပ်စခန်းအပါအဝင် တပ်စခန်း ၁၀ ခုကို ထပ်မံသိမ်းယူခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်မှာရှိတဲ့ တပ်ရင်းတပ်စခန်းရှစ်ခုကို သိမ်းယူခဲ့ပြီးနောက် ၁၈ ရက်အကြာ နောက်ထပ်တပ်စခန်း ၁၀ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။

အာရက္ခတပ်တော် သိမ်းယူခဲ့တဲ့ တပ်စခန်တွေဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ (၉၄၆)၊ ခမ ရ ၃၇၁ နဲ့ ၃၇၂၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ (၇၅၇/၂)၊ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ(၉၂၆)၊ ဆပ်သွယ်ရေးလုံခြုံမှုတပ်ရင်း (၉)၊ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၈)၊ တပ်ထိန်းတပ်ခွဲ(၁၀)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၁၉) နဲ့ လေဆိပ်အနီးရှိ စခန်းငယ်တွေ ပါဝင်ပါတယ်။

အမ်းတိုက်ပွဲအတွင်း စစ်ကူပေးဖို့ရောက်ရှိလာတဲ့ တပ်မ (၈၈) လက်အောက်ခံ ဗျူဟာကိုလည်း နို ဝင်ဘာ ၂၈ ရက်နေ့ကစပြီး အမ်းမြို့မြောက်ဘက် ရိုးတောင်လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားအလောင်း ၁၀၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နပခစစ်ဌာနချုပ်မှာ စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ်၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာန ချုပ်၊ တပ်ခွဲအသီးသီးအပါအဝင် အခြားနေရာမှာ စခန်းချခုခံနေတဲ့ တပ်စခန်း ၃၀ ကျော်ထဲမှ နောက်ဆုံးကျန်ရှိနေတဲ့ နပခဌာနချုပ်ကို အပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ ဆိုပါတယ်။

အလားတူ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို အာရက္ခတပ်တော်အနေနဲ့ အပြီးသတ်သိမ်းယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး တစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော် AA) ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်ထဲမှ ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.