မော်စကို၊ ဒီဇင်ဘာ ၇

ရုရှားက အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်နိုင်ငံကို ပြည်ပနိုင်ငံတွေက ရန်စလာရင် မော်စကိုရဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်ခြေ အပါအဝင် လုံခြုံရေး အာမခံချက်ပေးတဲ့ သဘောတူစာချုပ်ကို သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၆ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ အနောက်တိုင်းနဲ့ ရုရှားကြား တင်းမာမှု အမြင့်မားဆုံးဖြစ်နေတဲ့ ဒီလိုအချိန်မှာ ဘီလာရုစ်ကို ရုရှားရဲ့နျူကလီးယား ကာကွယ်မှု အရိပ်အောက်မှာ ထားရှိမှာ ဖြစ်ကြောင်း ကရင်မလင် နန်းတော်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အခုလိုမျိုး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဘီလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ အတူ ပြောကြားရာမှာ သမ္မတ ပူတင်က ဘီလာရုစ်အနေနဲ့ ရန်စခံရရင် ရုရှား နျူကလီးယား လက်နက်တွေကို ဘီလာရုစ်မှာ ချထားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

ဒီသဘောတူညီမှုက ရုရှားနဲ့ ဘီလာရုစ်တို့ကြား လုံခြုံရေး သေချာစေမယ့် သဘောတူညီမှု ဖြစ်တယ်လို့ သမ္မတ ပူတင်က ရုပ်သံကတစ်ဆင့် ပြောကြားထားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား အဲဒီသဘောတူညီမှု လက်မှတ် ရေးထိုးပြီးနောက် သမ္မတ လူကာရှန်ကိုက ရုရှားရဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေ အပါအဝင် ဘီလာရုစ်သို့ အဆင့်မြင့် လက်နက်တွေ ချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လာမယ့်နှစ် ဒုတိယနှစ်ဝက်ကာလအတွင်း အဲဒီဒုံးကျည်တွေကို ချထားနိုင်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ပြီး အဲဒီ ဒုံးကျည်တွေကို ရုရှား ထိန်းချုပ်မှုအောက်မှာ ထားရှိမှာ ဖြစ်ပေမယ့် ပစ်မှတ်တွေကိုတော့ ဘီလာရုစ်က ရွေးချယ်နိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက သူတို့ရဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်း ဒုံးကျည် အသစ်နဲ့ တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ယူကရိန်းကို အနောက်တိုင်းက တာဝေးပစ်ဒုံးကျည်တွေ သုံးပြီး မိမိတို့နိုင်ငံထဲ တိုက်ခိုက်ခွင့်ပြုတာကြောင့် လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ရုရှားက ပြောဆိုထားပါတယ်။

မိမိတို့ရဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကို ကြားဖြတ် ပစ်ချနိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ် ကမ္ဘာမှာ မရှိသေးဘူးလို့ သမ္မတ ပူတင်က ကြွေးကြော်ထားပါတယ်။

ဒါပေမဲ့ အဲဒီလက်နက်တွေကို ရုရှားက အသုံးပြုမယ်ဆိုရင် မိမိတို့နိုင်ငံရဲ့ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ကြောင်း ဘီလာရုစ် လုံခြုံရေးကောင်စီ အကြီးအကဲက ပြောကြားထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.