ဆိုးလ်၊ ဒီဇင်ဘာ ၇

တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း သူ့အနေနဲ့ နောက်ထပ် အဲဒီလိုအမိန့်ထုတ်တော့မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာချက် ထွက်လာပြီးနောက် တောင်ကိုရီယား လွှတ်တော်အမတ်တွေက အမျိုးသားလွှတ်တော် အစည်းအဝေး ချက်ချင်း ခေါ်ယူပြီး သမ္မတရဲ့ ကြေညာချက်ကို တားဆီးခဲ့ကြပါတယ်။

အာဏာရ ပြည်သူ့ အင်အားပါတီ PPP ခေါင်းဆောင်က သမ္မတအနေနဲ့ အခြေခံတာဝန်တွေကိုတောင် ထမ်းဆောင်နိုင်ဖို့ မဖြစ်နိုင်တော့ဘဲ ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိ သမ္မတရာထူးမှာ ဆက်နေမယ်ဆိုရင် တောင်ကိုရီးယား ပြည်သူတွေ အန္တရာယ်ရှိနိုင်တယ်လို့တောင် အာဏာရပါတီခေါင်းဆောင်က ပြောဆိုထားတာပါ။

သမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲ ပြစ်တင်ရေး အတိုက်အခံ အင်အားစုတွေက ကြိုးပမ်းနေပြီး သူ့အနေနဲ့ မကြာခင်မှာ ရာထူး စွန့်လွှတ်ရနိုင်ခြေ ရှိနေပါတယ်။

အရမ်းစိတ်မကောင်းဖြစ်မိတဲ့အကြောင်းနဲ့ ပြည်သူတွေကို ရိုးသားစွာ တောင်းပန်တဲ့အကြောင်း သမ္မတ ယွန်က ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာကြောင့် သူ့အနေနဲ့ ရာထူးက နုတ်ထွက်ဖို့တော့ မရှိသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

သမ္မတကို ထုတ်ပယ်မယ်ဆိုရင် လွှတ်တော်အတွင်း အမတ်နေရာ ၃၀၀ အနက် သုံးပုံနှစ်ပုံက ထောက်ခံရမှာ ဖြစ်တဲ့အတွက် သူ့ရဲ့ အာဏာရ ပါတီဝင် လွှတ်တော်အမတ် အနည်းဆုံး ၈ ဦးက ထောက်ခံဖို့ လိုအပ်နေပါတယ်။

သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် နိုင်ငံရေးသမားတွေအပြင် အရပ်သားပြည်သူတွေပါ ဒေါသထွက်ခဲ့ရကြောင်း တောင်ကိုရီးယား ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သမ္မတဟာ အခုလို စစ်အုပ်ချုပ်ရေး မကြောညာခင် အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေ၊ အတိုက်အခံ ဦးဆောင်တဲ့ လွှတ်တော်ရဲ့ အကျပ်ရိုက်စေမှုတွေ၊ လူကြိုက်များမှု လျော့ကျလာမှုတို့နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.