ကျိုက်ထို၊ ဒီဇင်ဘာ ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး အထက်လူလေးကျေးရွာ သင်္ချိုင်းအနားမှာ ပြည် သူ့စစ် ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇေယျာအောင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ အမည်မသိ သေနတ်သမားတွေကို ပစ်သတ်သွားခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇေယျာအောင်ဟာ အလုပ်ကိစ္စတစ်ခုကြောင့် အထက်လူလေးကျေးရွာဘက်ကိုသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် သေဆုံးမှုနဲ့ပတ်သက်ပြီး ကျိုက်ထိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဇေယျာအောင်ဟာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇေယျာအောင်ရဲ့ အစ်ကိုဖြစ်သူဟာ စခန်းမှူးတစ်ဦး ဖြစ်ကြောင်းနဲ့ သူကတော့ သိမ်ဇရပ်မြို့ ပြည်သူ့စစ်ခေါင်းဆောင်တွေထဲကတစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ဝါးဒက်ကွင်းကျေးရွာအနီး အရပ်သားပြည်သူတစ်ဦး ပစ်သတ်ခံလိုက်ရပြီး အဲဒီဖြစ်စဉ်အပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေနဲ့သာ လက်သည်မပေါ်ဘဲ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.