ရေး၊ ဒီဇင်ဘာ ၇
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီးဟာ ဆေးကုသနေစဉ် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၂၅ ရက်နေ့က အစင်ကျေးရွာ ပြည်သူ့စစ်ဂိတ်ကနေ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ လူ ငယ်လေးဦးကို ပြည်သူ့စစ်အဖွဲ့တွေ လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် လမ်းဘေးမှာရှိနေတဲ့ ကိုယ်ဝန် ငါးလအရွယ် အသက် ၃၀ ကျော်အရွယ် ဒေါ်ဝေဝေနှင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် တင်ပါးကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တဲ့ ကိုယ်ဝန်သည် ဒေါ်ဝေဝေနှင်းကို ရေးမြို့နယ်ပြည်သူ့ဆေးရုံကနေ မော်လမြိုင်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသစဉ် ဒီဇင်ဘာ ၁ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကိုယ်ဝန်သည် အမျိုးသမီး ဒေါ်ဝေဝေနှင်းမှာ သုံးနှစ်ကျော်အရွယ်သားတစ်ဦးနဲ့ တစ်နှစ်ကျော်အရွယ် သမီးတစ်ဦးအပါအဝင် ခင်ပွန်းဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။
ကိုယ်ဝန်သည်အမျိုးသမီး သေဆုံးသွားပေမယ့် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စစ်ကောင်စီဘက်က အရေးယူတာမရှိဘဲ အစင်ကျေးရွာဂိတ်မှာ ပုံမှန်အတိုင်းဂိတ်စောင့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ရေးမြို့နယ်အစင်ကျေးရွာ တံတားလုံခြုံရေးဂိတ်မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိပြီးနောက် သေဆုံးခဲ့ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် အစီရင်ခံစာအရ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိူးသမီး ၆၁ ဦး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ