တနင်္သာရီ၊ ဒီဇင်ဘာ ၆

ထိုင်း မြန်မာနယ်စပ်ဖြစ်တဲ့ တနင်္သာရီမြို့နယ် မောတောင်မြို့မှာ စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာတာကြောင့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ ဒေသအခြေစိုက် ကော်သူးလေတပ်မတော် KTLA က ထုတ်ပြန်ပါတယ်။

မောတောင်မြို့မှာ စစ်ကောင်စီတပ်သားတွေက စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာတဲ့အပြင် ပျူစောထီးသင်တန်းအား အဓမ္မတပ်သားစုဆောင်းကာ သင်တန်းပေးနေပြီး မြို့အပြင်ဘက် ဘုရားတောင်ကုန်းမှာလည်း လက်နက်ကြီးအထိုင်ချကာ လာရောက်တပ်စွဲနေတာပါ။

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ် ရှေ့ထပ်တိုး ဝင်ရောက်လို့မရအောင် လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုကို မောတောင်မြို့အနီးမှာ မလွှဲသာမရှောင်သာ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး သုံးရက်အ တွင်း မိမိတို့နေရာမှ ပြန်လည်ဆုတ်ခွာပေးဖို့ ဆုတ်ခွာမှုမရှိပါက စစ်ရေးအရ ရေးယူတုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်အကြောင်းကြား လာခဲ့တယ်လို့ ကော်သူးလေတပ်မတော်က ဆိုပါတယ်။

အခုလို စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုအပေါ် တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ဆုတ်ခွာပေးမှာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ ပျူစောထီးသင်တန်းပေးတာနဲ့ မြို့ပြင်ဘုရားတောင်ကုန်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့အခြေအနေအပေါ် စောင့်ကြည်တုံ့ပြန်သွားမယ်လို့ အသိပေးထာပါတယ်။

လက်ရှိမှာလည်း မောတောင်မြို့ အနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ ကော်သူးလေတပ်မတော်က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားချိန်မှာ ပြည်သူတွေအနေနဲ့ စစ်ဘေးဒဏ်ကြောင့် ထိခိုက်မှုမရှိအောင် ဒီဇင် ဘာ ၆ ရက်နေ့ကစပြီး ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဖြတ်သန်းခွင့်မပြုတော့တဲ့အပြင် ဖြတ်သန်းခွင့်ပြုမယ့်အချိန်ကို ထပ်မံအသိပေး ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.