မော်လမြိုင်၊ ဒီဇင်ဘာ ၆
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၆၁ ဦးသေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားနေအိမ်တွေကို ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းမှာ အမျိုးသမီးတွေ သေဆုံးခဲ့ရတာပါ။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အချက်အလက်တွေအရ သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၇ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၆ ဦး၊ မတရားသတ်ဖြတ်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂ ဦးနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တွေအပါအဝင် ဖမ်းဆီးသတ်ဖြတ်တာနဲ့ မုဒိမ်းပြုကျင့်တာတွေကြောင့် အမျိုးသမီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှမ်းပြည်နယ်ဟာ သေဆုံးသူ အများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ လေးနှစ်နီးပါးအချိန်အတွင်း စစ်ကောင်စီမှ ဒီနေ့အချိန်ထိ လူ့အခွင့်အရေးတွေကို သိသိသာသာ ချိုးဖောက်ကာ လူမဆန်တဲ့ အပြုအမူတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးနဲ့ နိုင်ငံရေးမှာ ဆုံးရှုံးမှုတွေ များလာတာနဲ့အမျှ စစ်ကောင်စီဟာ ပြည်သူလူထုတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ နေ့စဉ် ဒဏ်ရာ ရရှိပြီး အသက်ဆုံးရှုံးနေရတယ်လို့ BWU က ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၃၀ ဦးနဲ့ ယောင်္ကျားလေး ၂၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media