ဂါဇာမှာ အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ AI အဖွဲ့ စွပ်စွဲ

လန်ဒန်၊ ဒီဇင်ဘာ ၆

ပြီးခဲ့တဲ့နှစ်က စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဂါဇာမှာ အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က စွပ်စွဲလိုက်ပြီး မိမိတို့ရဲ့ အစီရင်ခံစာအသစ်ဟာ ကမ္ဘာကြီးအတွက် လှုပ်နှိုးချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးအစိုးရနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေ ထုတ်ပြန်တဲ့ လူသားမဆန်ဘဲ လူမျိုးတုံးသတ်ဖြတ်တဲ့ သဘောပါဝင်တဲ့ ကြေညာချက်တွေအပြင် ဂါဇာဒေသခံတွေရဲ့ မြေပြင်သတင်း ပေးပို့မှုတွေ၊ ကွင်းဆင်း လေ့လာမှုတွေနဲ့ ဂြိုဟ်တုပုံရိပ်တွေမှာ ပြသထားတဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာအပေါ် အခြေခံပြီး အစီရင်ခံထားတာလို့ အဲဒီလန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောကြားပါတယ်။

ဒီအစီရင်ခံစာဟာ အကြံအဖန် လုပ်ထားပြီး လွဲမှားတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံထားတဲ့ အလိမ်အညာ အစီရင်ခံစာ ဖြစ်တယ်ဆိုပြီး အစ္စရေးက ဒေါသတကြီး တုံ့ပြန်ထားပါတယ်။

အစ္စရေးရှိ AI အဖွဲ့ခွဲကတော့ အဲဒီအစီရင်ခံစာကို ရေးသားရာမှာ မပါဝင်ခဲ့ဘဲ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို လက်မခံပါဘူး။

အစ္စရေးက ဂါဇာရှိ ပါလက်စတိုင်းသားတွေကို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနဲ့ မထိုက်တန်သူတွေလို ဆက်ဆံပြီး ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်ကိုတွေ့ရတယ်လို့ Amnesty International အဖွဲ့ အကြီးအကဲက ဆိုပါတယ်။

အစ္စရေးကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကမ္ဘာကြီးက တားဆီးရမယ့်အချိန် ကျရောက်ပြီလို့ သူက ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၄၅၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြား ရှိသလို ကျန်းမာရေးနဲ့ စားနပ်ရိက္ခာပြဿနာလို ဘေးဒုက္ခ အမျိုမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.