မော်လမြိုင် ၊ ဒီဇင်ဘာ ၇
အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေမှာ သင်ကြားနေတဲ့ ကျောင်းသားကျောင်း သူတွေရဲ့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးတဲ့ စနစ်နဲ့ကျင့်သုံးဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးတဲ့စနစ်ကိုတော့ လာမယ့် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်ကစပြီးကျင့်သုံးသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေဟာ စာသင်နှစ်ပြီးတာနဲ့ ပြဋ္ဌာန်း စာအုပ်တွေကို သက်ဆိုင်ရာကျောင်းတွေမှာ ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ်။
ပြန်လည်အပ်နှံတဲ့နေရာမှာတော့ အထက်တန်းအဆင့်တွေအနေနဲ့ စာသင်နှစ်ရဲ့ နောက်ဆုံးစာမေးပွဲ နောက်ဆုံးနေ့ရက်မှာ ကျောင်းသားအားလုံးက ဖတ်စာအုပ်တွေကို အကောင်းတိုင်းဖြစ်ဖြစ်၊ ပျက်စီးတဲ့အတိုင်းဖြစ်ဖြစ် မဖြစ်မနေအပ်နှံရမှာ ဖြစ်ပါတယ်။
CDM ဆရာမတစ်ဦးကတော့ ကျောင်းသုံးစာအုပ်တွေကို လက်ဆင့်ကမ်းစနစ်ကျင့်သုံးတာဟာ ပ ညာရေးကို ခေတ်နောက်ပြန်ဆွဲတာဖြစ်သလို ကျောင်းသားကျောင်းသူတွေအနေနဲ့ ဖတ်စာအုပ်တွေ မလုံမလောက်ဖြစ်ကာ သင်ကြားရေးပါ ခက်ခဲလာမယ်လို့ ပြောပါတယ်။
“အဲဒါက ရယ်စရာကြီးပေါ့။ ခေတ်နောက်ပြန်ဆွဲနေတာပေါ့နော်။ လွန်ခဲ့သော နှစ် ၄၀/၅၀ စာအုပ်ရဖို့ မဲနှိုက်ရတာတို့ စာအုပ်တွေကိုလေ ဝေစုနဲ့မဲနှိုက်ပြီးတော့ တစ်ခန်းကိုဘယ်နှစ်အုပ်ဆိုပြီးတော့ မဲနှိုက်ခဲ့ရပါတယ်။ အဲဒီခေတ်ကို ပြန်ရောက်တော့မှာပေါ့နော်။ ကျောင်းသူကျောင်းသားတွေက အဓိကတော့ စာအုပ်တွေမလုံလောက်တဲ့ အခါကျတော့ ချမ်းသာတဲ့သူတွေကျတော့ ပြဿနာမရှိဘူးပေါ့နော်။ သင်ကြားရေးကအခက်အခဲတွေ တိုးလာလိမ့်မယ်။ ဟိုအရင် မဆလခေတ်တုန်းကလိုမျိုး ဖြစ်သွားမှာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ကျောင်းသားကျောင်းသူတွေရဲ့ ဖတ်စာအုပ်အများစုဟာ သူတို့ကျက်မှတ်ဖို့ မှတ်သားတာတွေရှိပြီး အခုလိုလက်ဆင့်ကမ်းဖို့ ပြင်ဆင်လာတဲ့အတွက် မှတ်သားဖို့ကအစ ခက်ခဲလာနိုင်မှာဖြစ်ကာ ပညာရေးပါ ထိခိုက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
CDM ဆရာမနောက်တစ်ဦးကလည်း စစ်ကောင်စီဟာ စစ်ရေးမှာဘတ်ဂျက်အများအပြားအသုံးပြုပြီး ပညာရေးမှာ ဘတ်ဂျက်လျော့သုံးဖို့ ပြင်ဆင်တာဟာ ပြည်သူလူထုအပေါ် ထားရှိတဲ့စေတနာကို ပြသနေတာဖြစ်သလို ပညာမတတ်တဲ့ မျိုးဆက်တွေ မွေးထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“စစ်ရေးမှာတော့ သိတဲ့အတိုင်းပဲ လေယာဉ်တွေ ရေယာဉ်တွေ မြေပြင်တွေရောကအစပေါ့နော်။ ဒီလောက် ဘတ်ဂျက်တွေ အများကြီးသုံးပြီးတော့ ဒီပညာရေးမှာ ဒီလောက်ဘတ်ဂျက်ကို လျော့သုံးတယ်ဆိုတာကို ကြည့်ချင်းအားဖြင့် စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့စေတနာ အထင်သား မြင်နိုင်ပါတယ်။ ပြည်သူလူထုကို ဒါစစ်ကျွန်ပညာရေးကနေ ပညာမတတ်တဲ့ မျိုးဆက်တွေ ပညာမရှိတဲ့ မျိုးဆက်တွေ မွေးထုတ်ပေးဖို့ရာအတွက် ဒါရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့သဘောမျိုးလို့ ကျွန်မတို့ ယူဆပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ပြောင်းလဲလိုက်တဲ့ စနစ်သစ်ရဲ့ ဖတ်စာအုပ်တွေမှာ ကျောင်းသားကျောင်းသူတွေအတွက် တစ်ဦးတစ်ယောက်ချင်း လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေ ပါဝင်တာကြောင့် အခုလို လက် ဆင့်ကမ်းပါက နောက်ထပ်လက်ဆင့်ကမ်းသင်ကြားရသူအတွက် ပညာရေးအားနည်းစေတယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနကတော့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်း စနစ် ကျင့်သုံးရတာဟာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေရဲ့ ဈေးနှုန်းကို ထိန်းသိမ်းရာရောက်တယ်လို့ အကြောင်းပြပါတယ်။
ဒါ့အပြင် ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ် ကျင့်သုံးခြင်းအားဖြင့် ဖတ်စာအုပ်တွေပြင်ပကို မရောက်ရှိစေဖို့ ဖြစ်သလို ပုံနှိပ်ထုတ်ဝေရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း ဆိုထားပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေကိုနေ့စဉ်နဲ့အမျှ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့အတွက် ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေရပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အာဏာသိမ်းသုံးနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးအနည်းဆုံး ရှစ်သန်းကနေ ၁၀ သန်းထက်မနည်း ပညာသင်ယူခွင့် ဆုံးရှုံးနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ