မော်လမြိုင်၊ ဒီဇင်ဘာ ၅

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ ဒုစစ်ဦးစီးချုပ်နေရာအပါအဝင် ထိပ်ပိုင်းရာထူးနေရာသုံးခုကို အပြောင်းအလဲ ပြုလုပ်လိုက်ပြီး ဒီအပြောင်းအလဲလုပ်တာဟာ တပ်ဖွဲ့ကိုပိုမိုအား ကောင်းလာစေဖို့ ဖြစ်တယ်လို့ DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောစိန်ဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

DKBA ရဲ့ ကလို့ထူးဘောဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဒုတိယစစ်ဦးစီးချုပ်၊ ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်နဲ့ စစ်ဦးစီးအရာရှိချုပ်၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောတာ့ခူးကို ဗဟိုအကြံပေးအဖွဲ့ (နာယက)အဖြစ် ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တယ်လို့ DKBA ဗဟိုစစ်ဌာနချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီးစောရွှေဝ၊ ဗိုလ်ချုပ်စောဆန်းအောင်၊ ဒုဗိုလ်ချုပ်ကြီးစောတာ့ခူးတို့ကို တာဝန်ထမ်းဆောင်ဖို့အတွက် တာ ဝန်ပေးအပ်လိုက်တာဖြစ်တယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ DKBA က အသိပေးထုတ်ပြန်လိုက်တာပါ။

DKBA အဖွဲ့အနေနဲ့ ဒုစစ်ဦးစီးချုပ်ရာထူးအပါအဝင် ထိပ်ပိုင်းရာထူးနေရာ ၃ ခုမှာ တာဝန်ယူမယ့်သူတွေကို ခန့်အပ်တာဝန်ပေးအပ်လိုက်တဲ့အကြောင်းနဲ့ အဖွဲ့အစည်းရဲ့ ရပ်တည်မှုအကြောင်းတွေနဲ့ ပတ်သက်လို့ တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောစိန်ဝင်းက အခုလိုပဲ ပြောသွားပါတယ်။

DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောစိန်ဝင်းက အခုလို ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲပြုလုပ်မှုဟာ ဗဟိုမှာအားနည်းနေတဲ့ အနေအထားရှိတဲ့အတွက် ဗဟိုအားကောင်းလာအောင် လုပ်ဆောင်ရတာလို့ ပြောပါတယ်။

ဗိုလ်ချုပ်အဆင့်ရာထူးတိုးသွားတဲ့ ဗိုလ်မှူးကြီးစောဆန်းအောင်ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာ လအတွင်း နယ်စပ်မြို့ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်မရောစတဲ့ မြို့တွေမှာ ဗိုလ် ချုပ်စောလားပွယ်ဦးဆောင်တဲ့ DKBA တပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ DKBA တပ်ဖွဲ့ရဲ့ ထင်ရှားတဲ့တပ်မှူးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဗိုလ်မှူးကြီးစောဆန်းအောင်အပါအဝင် DKBA တပ်ဖွဲ့က ထင်ရှားတဲ့တပ်မှူးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်စောကျော်သက်၊ ဗိုလ်မှူးကြီးစောဘိတို့ဟာ တပ်ဖွဲ့ထဲကနေ ထုတ်ပယ်ခံခြင်းခံလိုက်ရပြီး စောဆန်းအောင်ဟာ သူ့ရဲ့ တပ်ဖွဲ့အင်အားအနည်းငယ်နဲ့အတူ ကိုးကန့်တပ်ဖွဲ့ရှိရာဘက်ကို သွားရောက်ခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ စောဆန်းအောင် ဦးဆောင်တဲ့အဖွဲ့ဟာ ကိုးကန့်တပ်ဖွဲ့နယ်မြေကနေတစ် ဆင့် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီး စစ်တပ်ထံလက်နက်ချအလင်း ဝင်ရောက်လာခဲ့ကာ နောက်ပိုင်းမှာ DKBA တပ်ဖွဲ့ထံ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့ဟာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသလို စစ်ကောင်စီက ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အမြဲတစေသွားရောက်တာတွေလည်း ရှိတာပါ။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဟာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ကျေးရွာမှာ ဗဟိုစစ်ဌာနချုပ်ရုံးတည်ရှိပြီး မြဝတီ၊ ဝေါ်လေ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ကျိုက်မရော၊ ဘားအံစတဲ့မြို့နယ်တွေမှာ လှုပ်ရှားသွားလာနေတဲ့ က ရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.