နေပြည်တော် ၊ ဒီဇင်ဘာ ၅
စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း အသား၊ငါးနဲ့ အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းကြီးမြင့်လာမှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံလိုက်ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးမှာ အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းကြီးမြင့်မှုတွေ တွေ့ရှိနေရတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုသွားခဲ့တာပါ။
ကုန်ဈေးနှုန်းကြီးမြင့်နေတာကြောင့် ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးအပါအဝင် ပြည်နယ်အ စိုးရအဖွဲ့တွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြဖို့နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်းဖြစ်ရေး ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တာပါ။
ဒါ့အပြင် ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေခံစားကုန်တွေနဲ့ ပတ်သက်ပြီး သင့်တင့်လျောက်ပတ်တဲ့ အမြတ်ကိုသာ တင်ရောင်းဖို့လိုသလို ပြည်သူတွေကို ရောင်းချတဲ့ နေ ရာမှာလည်း အမြတ်ငွေနည်းနည်းနဲ့ ပမာဏများများရောင်းချဖို့ ပြောဆိုခဲ့ပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့အပေါ် နိုင်ငံအတွင်း ဝင်ငွေနဲ့ထွက်ငွေမျှတစေဖို့ ကုန်ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပကိုတင်ပို့ရောင်းချဖို့နဲ့ လက်ရှိတင်ပို့နေတာထက် နှစ်ဆနီးပါး ပိုမိုတိုးမြှင့်တင်ပို့ဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့တာပါ။
စီးပွားရေး ပညာရှင်တစ်ဦးကတော့ ပြည်တွင်းက ကုန်ထုတ်လုပ်မှုတွေ တိုးထုတ်ခိုင်းပေမယ့် ပြည် ပက တင်သွင်းရတဲ့ပစ္စည်းထက် ဈေးနှုန်းအပြင် အရည်အသွေးပိုင်းယှဉ်နိုင်ဖို့လိုသလို ပြည်ပကမသွင်းခိုင်းဘဲ ပြည်တွင်းကတိုးထုတ်ပါက ထုတ်လုပ်သူအတွက် အကျိုးနည်းနည်းရှိပြီး စားသုံးသူအ တွက် အကျိုးပိုယုတ်စေတယ်လို့ ထောက်ပြပါတယ်။
“ကိုယ်ဆီကထွက်လာတဲ့ပစ္စည်းက ဒီပြည်ပကသွင်းတဲ့ပစ္စည်းထက် ပိုပြီးတော့ဈေးချိုချိုနဲ့ရနိုင်မလား။ ပိုပြီးတော့ အရည်အသွေးကောင်းကောင်းနဲ့ ရနိုင်မလား။ ဒီပြည်ပကပစ္စည်းကိုရော ယှဉ်နိုင်မလား။ ကာလတိုမှာတော့ မယှဉ်နိုင်ဘူး။ ကာလရှည်မှာရော ယှဉ်နိုင်မလား။ ဘာလို့လဲဆိုတော့ ပြည် ပကမသွင်းနိုင်ရင် ပြည်တွင်းကထုတ်သမျှဘဲစားရမယ်ဆိုတော့ ပြည်တွင်းကထုတ်လုပ်သူအတွက်က နည်းနည်းလေးအကျိုးရှိမှာပေါ့။ ဒါပေမယ့် ဟိုဘက်က စားသုံးသူဘက်က အကျိုးယုတ်တာနဲ့ စာလို့ရှိရင်တော့ ဒီဘက်ကအကျိုးရှိတာက ဘာမှမပြောပလောက်တဲ့သဘောပါ”လို့ ဆိုပါတယ်။
အခြေခံစားသောက်ကုန်ကအစ ဈေးနှုန်းကြီးမြင့်နေရတာဟာ မြန်မာငွေကြေး တန်ဖိုးကျဆင်းပြီး ပြည်ပက တင်သွင်းနေရတဲ့ သွင်းအားစုဈေးနှုန်း မြင့်တက်နေတာ၊ ပြည်တွင်းမှာ အပြည်အဝထုတ် လုပ်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းနဲ့ စက်ရုံ၊ အလုပ်ရုံမရှိတာတွေအပြင် စစ်ကောင်စီရဲ့ မူဝါဒအ မှားတွေကြောင့်လည်း ပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။
အိမ်ရှင်မတစ်ဦးကလည်း စစ်ကောင်စီဟာ ဘာမှမလုပ်တတ်ဘဲ ဟိုပိတ်ဆို့ဒီပိတ်ဆို့လုပ်တာကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတာဖြစ်သလို အခုလိုကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် မိသား စုတွေ ပိုကျပ်တည်းလာရတာဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့က ဘာမှလည်း လုပ်နိုင်တာမဟုတ်ဘူး။ သူတို့ကနေရာတစ်ခုယူပြီးတော့ အရွေ့တစ်ခုလုပ်ပြီး ဟိုပိတ်ဒီပိတ် ပိတ်နေတာလည်း အလကားပဲ။ ကုန်ဈေးနှုန်းက တက်လေပဲလေ။ ကျွန်မတို့ အိမ် ရှင်မတွေမှာလည်း တအားဒုက္ခရောက်တယ်။ လက်လုပ်လက်စားတွေဆိုတော့ အစစအရာရာ အ ဖက်ဖက်ကနေပြီးတော့ ဈေးတွေတက်တော့ ရတာကတစ်သောင်းဆိုရင် ကုန်တာကနှစ်သောင်းလောက်ဖြစ်နေပြီ။ မိသားစုအတွက် ပိုပြီးဆိုးလာတယ်။ ပိုပြီးကျပ်တည်းလာတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အခြေခံပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝင်ငွေထွက်ငွေ မမျှတတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပြီး လောက်ငှမှု မရှိတော့တာကြောင့် အကြွေးသံသရာ လည်နေရတယ်လို့ သူကဆက်ပြောပါတယ်။
ကုန်ဈေးနှုန်းတွေဟာ အာဏာသိမ်းကာလအတွင်း ပစ္စည်းတမယ်ကို အနည်ဆုံး ၅ ဆကနေ ၁၀ ဆကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို တချို့ကုန်ပစ္စည်းတွေဟာ ဈေးကွက်အတွင်းလုံးဝပြတ် လပ်သွားတဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်နေပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု ထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြီး ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက အဆင့်ဆင့် ဖွဲ့ စည်းဆောင်ရွက်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။
ကမ္ဘာ့ဘဏ်ကတော့ ၂၀၂၄ ခုနှစ်အစမှာ မြန်မာနိုင်ငံ လူဦးရေးရဲ့ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတဲ့အတွက် ၂၀၁၅ ခုနှစ်က မြင့်တွေ့ ခဲ့ရတဲ့ အခြေအနေကိုပြန်လည်ကျရောက်သွားပြီလို့ ပြီးခဲ့တဲ့ဇွန်လအတွင်း သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ