ပါရီ၊ ဒီဇင်ဘာ ၅

အယုံအကြည်မရှိ အဆို မဲခွဲမှုအတွင်း ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီယာ ထုတ်ပယ်ခံရပြီးနောက် အစိုးရတစ်ခုလုံး ပြိုလဲသွားပြီ ဖြစ်ပါတယ်။

သမ္မတ မက်ကရွန်က မိုက်ကယ်ဘာနီယာကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး သုံးလအကြာမှာပဲ သူ့အပေါ် အယုံအကြည် မရှိကြောင်း အဆိုကို လွှတ်တော် အမတ်တွေ တခဲနက် ထောက်ခံခဲ့ကြပါတယ်။

ဗြိတိန်က အီးယူကနေ ထွက်ခွာဖို့ကိစ္စအတွက် ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဝန်ကြီးချုပ် မိုက်ကယ်က လွှတ်တော်သို့ မတင်ပြဘဲ သူ့ရဲ့ ဘတ်ဂျက်ကို ခွင့်ပြုဖို့ အထူး အခွင့်အာဏာကို အငြင်းပွားဖွယ် အသုံးပြုခဲ့ပြီးနောက် အတိုက်အခံပါတီတွေက အယုံအကြည်မရှိ အဆိုကို တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၆၂ ခုနှစ် နောက်ပိုင်း အယုံအကြည် မရှိ အဆိုနဲ့ ပြင်သစ် အစိုးရအဖွဲ့ ပထမဆုံးအကြိမ် ပြိုလဲမှု ဖြစ်ပါတယ်။

နွေရာသီက ရွေးကောက်ပွဲတွေမှာ ဘယ်အုပ်စုကမှ လွှတ်တော်တွင်း လူများစုနေရာ မရခဲ့တာကြောင့် လက်ရှိ အခြေအနေက ပြင်သစ် နိုင်ငံရေး မတည်ငြိမ်ဖြစ်မှုကို ဆက်လက် ကြာရှည်စေပါလိမ့်မယ်။

ဒီဇင်ဘာ ၄ ရက်က မဲခွဲ ဆုံးဖြတ်မှုအတွင်း လွှတ်တော်အမတ်တွေ အနေနဲ့ ထောက်ခံတာ ဒါမှမဟုတ် ကြားနေဆိုပြီး မဲပေးရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားတာပါ။

အဆိုကို အတည်ပြုဖို့ မဲ စုစုပေါင်း ၂၈၈ မဲ လိုအပ်ပေမယ့် ထောက်ခံမဲ စုစုပေါင်း ၃၃၁ မဲ အထိ ရှိခဲ့ပါတယ်။

အခုအချိန်မှာ ဝန်ကြီးချုပ် မိုက်ကယ်အနေနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ နုတ်ထွက်ရေး တာဝန်ရှိနေပြီ ဖြစ်ပြီး သူ့ကို ပြုတ်ကျစေခဲ့တဲ့ ဘတ်ဂျက်ကို ပလပ်လိုက်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတ မက်ကရွန်က ဝန်ကြီးချုပ်အသစ်ရွေးချယ်နေတဲ့ ကာလအတွင်းမှာ သူဟာ ယာယီဝန်ကြီးချုပ် အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ အမတ်နေရာ အများဆုံး အနိုင်ရထားတဲ့ New Popular Front NFP ပါတီက သူတို့ရဲ့ ကိုယ်စားလှယ်လောင်းကို မရွေးဘဲ သမ္မတ မက်ကရွန်က ဗဟိုဝါဒီ မိုက်ကယ်ဘာနီယာကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်မှု အပေါ် ဝေဖန်ခဲ့ဖူးပါတယ်။

အခု အယုံအကြည် မရှိ အဆိုကို လက်ဝဲရော၊ လက်ယာစွန်းတွေရောက တင်သွင်းခဲ့ကြတာ ဖြစ်ပြီး မိမိကို ထုတ်ပယ်လိုက်ရင်လည်း နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ မဲခွဲမှု မတိုင်ခင် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.