ရွှေဘို၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ ဧည့်တွေ့ခွင်ကို လုံခြုံရေးအကြောင်းပြပြီး ပိတ်ပင်ထားပေမယ့် ထောင်အာဏာပိုင်က ဧည့်တွေ့ခွင့်ဈေးကွက်တစ်ခုဖန်တီးကာ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။
ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားနဲ့ မိသားစုဝင်တွေ တွေ့ဆုံနိုင်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို အခုနှစ် ဇွန်လမှစပြီး လုံခြုံရေးအကြောင်းပြကာ ပိတ်ပင်ထားခဲ့တာပါ။
အကျဉ်းထောင်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး ဧည့်တွေ့ခွင့် တရားဝင် ခွင့်ပြုပေးခဲ့ပေမယ့် ရွှေဘိုထောင်မှာတော့ လုံခြုံရေးအကြောင်းပြပြီး ထောင်အာဏာပိုင်မှ အချိန်နာရီဝက်လျှင် ကျပ်သုံးသိန်းတောင်းကာ လာဘ်စားနေတာဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ PPNM ဦး ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို အကျဉ်းသားအခွင့်အရေးပေးရမယ့်အစား အခုလိုမျိုး ငွေကြေးရှာဖွေနေတာဟာ လုံးဝလက်သင့်မခံနိုင်တဲ့ ကိစ္စဖြစ်ပြီး ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ အကျဉ်းသားအားလုံး တန်းတူအခွင့်အရေး အမြန်ဆုံးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
PPNM က ရရှိထားတဲ့ အချက်အလက်တွေအရ ရွှေဘိုထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တာ ဝန်ခံထောင်ပိုင် အောင်လွင်ဆိုသူမှ အကျဉ်းသားတွေ့ခွင့်ကို အချိန်နာရီဝက်လျှင် ငွေကျပ်သုံးသိန်း သတ်မှတ်ထားသလို အကျဉ်းသားတွေကို ခေါင်းပုံဖြတ်ဖိနှိပ်ကာ လာဘ်စားမှုပေါ်ပေါ်ထင်ထင် ကျူး လွန်နေတာပါ။
အကျဉ်းသားကျွေးမွေးစီမံရေးမှာလည်း အကျဉ်းထောင်က သတ်မှတ်ထားတဲ့အတိုင်း မဟုတ်ဘဲ တစ်ရက်ခြားလျှင် ကြက်ဥတစ်လုံးစီသာပေးပြီး အကျဉ်းသားကျွေးမွေးစရိတ်ပေါ်မှာ ထောင်ပိုင်အနေနဲ့ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရ စစ်ကောင် စီရဲ့ အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မတရာဖမ်းဆီးခံရသူ ၂၈,၀၀၀ နီးပါး ရှိနေပြီး အဲဒီထဲမှာ နှစ်သောင်းကျော်ဟာ ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media