နေပြည်တော် ၊ ဒီဇင်ဘာ ၅
နိုင်ငံအနှံ့ ထိုးစစ်တွေကြောင့် စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ရေး အင်အားကြီး တရုတ်နဲ့ ရုရှားဆီက အကူအညီရဖို့ ရှိနေတယ်လို့ စစ်ကောင်စီက ပြောလာပါ တယ်။
တရုတ်နဲ့ ရုရှားတို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် လေယာဉ်အပါအဝင် စစ်ပစ္စည်းဆိုင်ရာ ယန္တရားတွေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေဖြစ်တဲ့အပြင် စစ်တပ်နဲ့လည်း ဆယ်စုနှစ်ချီနီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိနေကြတာပါ။
ဒီဇင်ဘာ ၃ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားနိုင်ငံ ဒူးမားလွှတ် တော် ဒုဥက္ကဌ Mr. Sholban Kara-Ool က လာရောက်တွေ့ဆုံချိန်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေမှုတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပချိန်မှာ ရုရှားနိုင်ငံက လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းတွေက ဖော်ပြပါတယ်။
အဲဒီနေ့မှာပဲ ရုရှားရဲ့ဒူးမားလွှတ်တော် ဒုဥက္ကဌက စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် ဥက္ကဌဦးကိုကိုနဲ့ ဆက်လက်တွေ့ဆုံကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကူညီပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်တို့ကြား နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။
လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြောထားတဲ့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့တရုတ်ခ ရီးစဉ်မှာလည်း ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် နိုင်ငံတကာကနေ လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စည်းရုံးခဲ့သေးတာပါ။
အဲဒီစည်းရုံးမှုမှာ သီးခြားစီတွေ့ဆုံခဲ့တဲ့ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အကောင်အ ထည်ဖော်နေမှုကို ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို ထောက်ခံသလို ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း အကူအညီပေးမယ်လို့ တရုတ်ဝန်ကြီးချုပ်က စစ်ခေါင်း ဆောင်ကို ပြောကြားခဲ့တာပါ။
မဲမသမာမှုစွပ်စွဲချက်နဲ့ နိုင်ငံ့အာဏာကို လက်နက်အားကိုး သိမ်းယူခဲ့တဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းက တော်လှန်စစ်တွေကို လေးနှစ်နီးပါး ရှုံးပွဲဆက် ရင်ဆိုင်နေရပေမယ့် ရွေးကောက်ပွဲကျင်းပမယ်လို့ အမြဲလိုလိုကြွေးကြော်နေတာပါ။
ဒီအတွက် နိုင်ငံတကာဆီက ထောက်ခံကူညီမှုရရှိဖို့ နည်းမျိုးစုံ စည်းရုံးနေသလို မဲမသမာမှုစွဲချက်ကိုလည်း နိုင်ငံတကာအာရုံစိုက်လာအောင် တရုတ်နဲ့ ရုရှားအပါအဝင် ဘာသာစကား ၅ မျိုးသုံးကာ ဝက်ဆိုက်နဲ့ မိုဘိုင်းအက်ပ်တို့မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲက ရွေးကောက်ပွဲကျင်းပပြီး တရားဝင်အစိုးရဖြစ်ရေး လမ်းကြောင်းအတွက် အကြောင်းပြထားတဲ့ စွပ်စွဲချက်တွေကို ပြန်ဖော်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်စနစ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပြီး ဒီအပေါ် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအင်အားစုတွေကတော့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/CJ