ထားဝယ်၊ ဒီဇင်ဘာ ၅
တနင်္သာရီတိုင်း ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက် အထက်တန်းကျောင်းအနီးမှာ ဈေးလာဝယ်တဲ့ ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ အထက်တန်းကျောင်းအနီးက ဖိနပ်ဆိုင်မှာ ဖိနပ်ဝယ်နေတဲ့ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာနေ အသက် ၂၀ အရွယ် မယုလှိုင်းနှင်းတို့ ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီညီအစ်မ နှစ်ဦးကို စစ်ကောင်စီဘက်က သတင်းအတိအကျရပြီး လာရောက်ဖမ်းဆီးတာဖြစ်နိုင်သလို ဆိုင်ကယ်ကိုလည်း တစ်ခါတည်းသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
လောင်းလုံးဒေသခံ ညီအစ်မနှစ်ဦးကို စစ်ကောင်စီတပ်ဘက်က အင်အား ၂၀ လောက်နဲ့ လာရောက်ဖမ်းဆီးသွားတဲ့အတွက် မြို့ထဲမှာရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဒေသခံတွေလည်း ကြောက်လန့်ကုန်ကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့ လောင်းလုံးဒေသခံ ညီအစ်မနှစ်ဦးကို စစ်ကောင်စီဘက်က ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးပေမယ့် လက်ရှိမှာတော့ ထားဝယ်မြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၁၀ ဦးသာ ပြန်လွတ်လာပေမယ့် ခြောက်ဦးကတော့ ဒီက နေ့အထိ ဖမ်းဆီးခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထုတ် အစီ ရင်ခံစာအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ ၂၈,၀၀၀ နီးပါးရှိလာပြီး အဲဒီထဲမှာ ၂၁,၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ