ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၄
မဟာမိတ်နိုင်ငံတွေမှာ ရုရှားနဲ့တရုတ်တို့ရဲ့ ရန်လိုတဲ့ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ ရင်ဆိုင်နေရချိန် အရေးပါတဲ့ အခြေခံ အဆောက်အဦတွေကို ကာကွယ်ပေးနိုင်မှု ပိုမိုကောင်းမွန်စေရေး၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှရေး အရှိန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေတိုးအဖွဲ့ အကြီးအကဲ မက် ရူတီက ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ ရုရှားနဲ့တရုတ်တို့က အဖျက်အမှောင့် လုပ်ရပ်တွေ၊ ဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ သတင်းမှား ဖြန့်ချိမှုတွေနဲ့ မိမိတို့ကို ရန်စဖို့ စွမ်းအင်ဆိုင်ရာ အကြပ်ကိုင်မှုတွေ လုပ်ပြီး မိမိတို့ နိုင်ငံတွေ မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ အကြီးအကဲ ရူတီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီလို အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ နေတိုး မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ နည်းလမ်းတွေ အများကြီး သုံးပြီး ဆက်လက် အတူတကွ ရပ်သွားရမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုထားပါတယ်။
အခု သီတင်းပတ် ဘရပ်ဆဲလ်မှာ ကျင်းပမယ့် နေတိုးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ တရုတ်နဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန် တားဆီးနိုင်ဖို့ ဗျူဟာသစ်တွေ ထွက်လာဖွယ် ရှိပါတယ်။
ရုရှားနဲ့တရုတ်က နေတိုး မဟာမိတ်တွေကို နေ့စဉ်နေ့တိုင်း စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အကြီးအကဲ ရူတီက စွပ်စွဲထားပါတယ်။
ဗြိတိန်၊ ဂျာမနီနဲ့ ပိုလန်တို့မှာ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေဟာ ရုရှားရဲ့ ပေါက်ကွဲမှု ဖြစ်စေလိုတဲ့ အဖျက်အမှောင့်လုပ်ရပ် ဖြစ်တယ်လို့ အနောက်တိုင်း ထောက်လှမ်းရေးဌာနတွေက ပြောကြားထားပါတယ်။
နိုဝင်ဘာလအတွင်း ဘော်လ်တစ်ပင်လယ်ရှိ ဆက်သွယ်ရေး ကေဘယ်ကြိုး ပြတ်တောက်မှုဟာ အဖျက်အမှောင့် လုပ်ရပ်ကြောင့် ဖြစ်တာလား ဆိုတာကို ဥရောပနိုင်ငံတွေ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အစိုးရ အေဂျင်စီ တစ်ခုကို တရုတ်က ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဂျာမနီ အစိုးရက စွပ်စွဲထားပေမယ့် ဘေဂျင်းဘက်က ပယ်ချထားပါတယ်။
ရုရှားနဲ့ တင်းမာမှု မြင့်တက်လာမှာကို အဖွဲ့ဝင်နိုင်ငံ တချို့က စိုးရိမ်နေတာကြောင့် အဲဒီလို သံသယဖြစ်ဖွယ် တိုက်ခိုက်မှုတွေကို ဘယ်လို တုံ့ပြန်မလဲ သဘောတူညီမှု ရရှိဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဥရောပ အရာရှိတွေက ပြောပါတယ်။
Ref:Reuters