ဖာပွန်၊ ဒီဇင်ဘာ ၄

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ အခြေစိုက်တဲ့ စစ်တပ်စခန်းတွေထံ စစ်ကောင်စီဘက်က စစ်ကူပို့ဖို့ ကြိုးပမ်းလာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ် မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖာပွန်မြို့အနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတွေဖြစ်ကြတဲ့ ခေါပုတ်၊ ကူးဆိပ်၊ မထောစခန်းတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီစခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့ဗျူဟာစခန်းကနေတဆင့် ကမမောင်း-ကတိုင်တိ-ဖာပွန် ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့အတွက် KNLA တပ်မဟာ ၅ ဦးဆောင် တဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲကြောင့် ဘောကြို့လယ်၊ ကတိုင်တိစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုတွေဟာ ကမမောင်းမြို့ထံ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဗိုလ်မှူးကြီးစောကလယ်ဒိုရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းဟာ ကမမောင်း-ကတိုင်တိ-ဖာပွန် ကားလမ်းပိုင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းကြီးတွေဖြစ်ကြတဲ့ ကတိုင်တိစခန်း၊ တောင်သုံးလုံးစခန်းတွေထံ စစ်ကူပေးပို့ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ မထောစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်မှုအပါအဝင် ကမမောင်းကနေတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးထားပါတယ်။

KNU တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာကိုတော့ KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့တို့က ဆက်လက်ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်ပြီး ဗျူဟာမကျဖို့နဲ့ ရိက္ခာပစ္စည်းပို့ဆောင်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က လေကြောင်းကနေသာ အားကိုးအသုံးပြုနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

ပုံစာ−အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.