လားရှိုး၊ ဒီဇင်ဘာ ၄
တရုတ်ဖိအားကြောင့် ပြည်တွင်း စစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ထပ်မံကြေညာလာတဲ့ ကိုးကန့်အဖွဲ့ MNDAA က စစ်ကောင်စီရဲ့ နိုင်ငံအနှံ့ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေ ရပ်ပေးရမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။
စစ်ဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာ ထောက်ထားပြီး နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ဖို့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်ဖို့အတွက် MNDAA ရဲ့ ရပ်တည်ချက်ကို ထပ်မံထုတ်ပြန်လာတာပါ။
ကြေညာချက်မှာတော့ MNDAA က နိုင်ငံတော်ကနေ ခွဲထွက်မှာမဟုတ်သလို စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာနဲ့နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ်လို့ ဖော်ပြပါတယ်။
ဒီကနေ့ကစပြီး ရောက်တဲ့နေရာမှာ တပ်တွေ ချက်ချင်း အပစ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့မှာ ဖော်ဆောင်နေတဲ့ ဝေဟင်နဲ့မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ MNDAA ရဲ့ သဘောထားကြေညာချက်မှာ အတိအလင်း ဖော်ပြပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာလည်း MNDAA က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဘက်ကြားရှိ ပဋိပက္ခတွေနဲ့ အမြင်သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်တာပါ။တစ်ဘက်မှာ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ အရင်နည်းတူ ဆက်လက်စွဲကိုင်သွားမယ်လို့ ဆိုပါတယ်။
MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူပြီးနောက်ပိုင်း တိုက်ပွဲရပ်တန့်ဖို့ တရုတ်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖြတ် ၅ ဖြတ် ဖိအားတွေကို ရင်ဆိုင်နေခဲ့ရတာပါ။
ဒါကြောင့် အပစ်ခတ်ရပ်စဲပြီး မြန်မာနိုင်ငံအခြေအနေကို တရုတ်အစိုးရက ကြားဝင်စေ့စပ်ပေးဖို့ MNDAA က တောင်းဆိုခဲ့ပြီး နိုင်ငံရေးလမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ စတင်ကြေညာခဲ့ပါတယ်။
အလားတူ တအာင်းအဖွဲ့ TNLA ကလည်း စစ်ဘေးသင့်ပြည်သူတွေကို ညှာတာခြင်းနဲ့အတူ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တရုတ်အစိုးရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တွေ့ ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အသိပေးခဲ့တာပါ။
ဒါပေမယ့် လက်ရှိမှာ စစ်ကောင်စီနဲ့ MNDAA၊ TNLA တို့ကြား တွေ့ဆုံဆွေးနွေးရေး မဖြစ်လာသေးသလို ညီနောင်နှစ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့ရွာတွေမှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်လက် တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကတော့ အဲဒီအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှသာ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မယ်ဆိုပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ တရုတ်ဝန်ကြီးချုပ်ကနေတဆင့် အသိပေးထားပါတယ်။
တစ်ဘက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က AA အပါအဝင် MNDAA နဲ့ TNLA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စက်တင်ဘာလဆန်းမှာ ကြေညာထားပြီး လက်အချိန်အထိ ဘယ်အဖွဲ့ကိုမှ ပယ်ဖျက်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA