ထားဝယ်၊ ဒီဇင်ဘာ ၄
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုနဲ့ စစ်ကူလာတဲ့ စစ် ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေ ဆုံးနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်၊ ဟာလီကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ထားဝယ်မြို့ကနေ ကားလေးစီးနဲ့ ချက်ချင်းဆိုသလို စစ်ကူပို့ဆောင်ခဲ့ပါတယ်။
စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇဟာကျေးရွာကြားမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကူစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် ကားတွေ ရပ်တန့်သွားခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်စခန်း နှစ်ခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရေဖြူ – ထားဝယ်လမ်းပိုင်းကို ပိတ်ချလိုက်ပြီး တော် လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်နိုင်တဲ့ လမ်းကြောင်းတွေကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်DNLA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ် မကြာမီထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ကလည်း မောင်မယ်ရှောင်ကျေးရွာအပြင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စနိုက်ပါနဲ့ပစ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF (ပုံဟောင်းဖြစ်ပါသည်)