ဆိုးလ်၊ ဒီဇင်ဘာ ၄
တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က အမှတ်မထင် ကြေညာလိုက်တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်အမတ်တွေက တားဆီးခဲ့ပြီးနောက် သူကိုယ်တိုင် ပြန်လည် ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
သမ္မတက မြောက်ကိုရီးယား ကွန်မြူနစ်အင်အားစုတွေကို ကာကွယ်ရေးနဲ့ အစိုးရဆန့်ကျင်ရေး အင်အားစုတွေကို ရှင်းထုတ်ဖို့ လိုအပ်တယ်လို့ ပြောကြားပြီး ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူက စစ်အုပ်ချုပ်ရေး ဥပဒေကြေညာပြီး နှစ်နာရီ မပြည့်ခင် လွှတ်တော်အမတ်တွေဟာ အမျိုးသားလွှတ်တော်မှာ စုဝေးပြီး အဲဒီကြေညာချက်ကို ကန့်ကွက်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
ရုတ်တရက် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာတာကို ကန့်ကွက်ဆန္ဒပြသူတွေဟာ လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် ဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်။
လွှတ်တော်အဆောက်အဦ ရှေ့မှာ ဆန္ဒပြနေသူတွေရော၊ လွှတ်တော် အမတ်တွေကြားမှာပါ သမ္မတ နုတ်ထွက်ရေး တောင်းဆိုသံတွေ ပိုကျယ်လောင်လာနေပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်နေတာ ကြာပြီ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေး ပြင်ဆင်တဲ့ အခြေအနေမျိုး ရှိနေချိန်မှာ သမ္မတက စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ကြေညာချက်ကို လွှတ်တော်အမတ်တွေက ချက်ချင်း ဆိုသလို ကန့်ကွက်ခဲ့ပြီးနောက် သမ္မတနုတ်ထွက်ပေးရေး တောင်းဆိုမှုတွေ ပိုများလာခဲ့ပါတယ်။
တောင်ကိုရီးယားလွှတ်တော် အမတ်တွေက သမ္မတကို စွပ်စွဲ ပြစ်တင်မယ့် အဆိုတင်သွင်းမှာ ဖြစ်ပြီး ဒီလုပ်ငန်းစဉ်ဟာ ရက်အတော်ကြာမြင့် နိုင်ပါတယ်။
တင်ပြထားတဲ့ သမ္မတကို စွပ်စွဲပြစ်တင်တဲ့ အဆိုပြုချက်ကို အမတ်နေရာ ၃၀၀ ရှိတဲ့ ကိုရီးယားအမျိုးသား လွှတ်တော်မှာ ထောက်ခံမဲ ၂၀၀ ကျော်နဲ့ အတည်ပြုရမှာ ဖြစ်ပါတယ်။
Ref:BBC