မော်လမြိုင်၊ ဒီဇင်ဘာ ၄

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေသားမှုကြောင့် လူပေါင်း ၁၉၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ လူမှုကွန်ယက်ဖြစ်တဲ့ Facebook အပြင် အခြားဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok၊ Telegram နဲ့ Viber ကနေတဆင့် ဝေဖန်ရေးသားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ ပြောဆိုဆက်သွယ်မှုတွေကြောင့် ပါဝင်ပါတယ်။

အဓိကအားဖြင့် အွန်လိုင်းပေါ်ကနေ ရေးသားပြောဆိုမှုတွေကို စစ်ကောင်စီဘက်က စောင့်ကြည့်ပြီး အရေးယူတာတွေရှိသလို စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးအရေးယူတဲ့အပြင် စစ်ကောင်စီကို အားပေးထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးပို့နေတယ်လို့ Data For Myanmar က ဆိုပါတယ်။

အွန်လိုင်းပေါ်ကနေ ဝေဖန်ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ အရေအတွက်ဟာ ၂၀၂၂ ခုနှစ်မှာ ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၆၁၅ ဦးနဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ ဖမ်းဆီးခံရသူ ၃၅၁ ဦးရှိပြီး ဖမ်းဆီးခံရသူအများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အွန်လိုင်းအသုံးပြုသူ အများဆုံးပါဝင်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားမှုအတွက် အရေးပါတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အမျိုးမျိုးကြိုးပမ်းခဲ့ပြီး အင်တာနက် ဖြတ်တောက်တာ၊ ဝဘ်ဆိုဒ်စာမျက်နှာတွေကို ပိတ်ပင်တာအပြင် Facebook လို လူသုံးများတဲ့ ပလက်ဖောင်းတွေကို အသုံးပြုမရအောင် ပိတ်ပင်တာတွေအထိ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ လူမှုကွန်ယက်ကနေ လှုံ့ဆော်ဝါဒဖြန့် ရေးသားတာ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) အပြင်တည်ဆဲ ဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ကြေညာထားပါတယ်။

အမေရိကန်အခြေစိုက် Freedom House သတင်းလွတ်လပ်ခွင့်အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူချက်တွေအရ ကမ္ဘာမှာ မြန်မာနဲ့ တရုတ်နိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲစံချိန်တင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.