နောင်ချို၊ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံးပြီး ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရှမ်းမြောက်က နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်ခိုက်ရေး လေယာဉ်တွေကိုအသုံးပြုပြီး လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တာပါ။
နောင်ချိုမြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်းနှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနဲ့ ကား ၈ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပါတယ်။
မိုင်းငေါ့မြို့မန်လုံရပ်ကွက်မှာလည်း စစ်ကောင်စီတပ်မှ ပေါင် ၃၀၀ ဗုံးလာရောက်ကြဲချခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂၂ လုံး ထိခိုက်ပျက်စီးခဲ့တာပါ။
အလားတူ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ မှာလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာ လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၇ ဦး ထိခိုက်ရရှိကာ နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ထဲ စစ်ကောင်စီလေတပ်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချခဲ့တာကြေင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေ အိမ် ၂၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းအသုံးပြုပြီး နေ့စဉ် အရပ်သားပြည်သူတွေကို ဦးတည်ကာ ဗုံး ကြဲတိုက်ခိုက်နေတာကြောင့် လူထိခိုက်သေဆုံးမှုရှိနေတဲ့အပြင် နေအိမ်နဲ့ ဈေးဆိုင်ခန်းအများအ ပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရှမ်းမြောက်က မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ ၃၄ ဦး သေဆုံးပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA