ရေး၊ ဒီဇင်ဘာ ၃
မွန်ပြည်နယ် ရေးမြို့နယ် စုံနံသာကျေးရွာအနီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရေးဘီ လူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေးအခြေစိုက် အမှတ် ၃၄၃ ခြေမြန်တပ်ရင်းကနေ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ထံ အစည်းအဝေးသွားမယ့် စစ်ကောင်စီကား နှစ်စီးကို ရေးဘီလူးအဖွဲ့က သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီကား နှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိနေသလို ရေးဘီလူးအဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ရေးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၈၆ ၊ ၅၈၇ ၊ ၃၄၃ ခြေမြန်တပ်ရင်းတွေကနေ စုံနံသာကျေးရွာ အနောက်ဘက်ကို လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုတွေ လုပ် ဆောင်နေတာပါ။
ဒ့ါအပြင် တပ်အင်အား ၅၀ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ စုံနံသာကျေးရွာနဲ့ အမှတ်၈ ပြည် ထောင်စုလမ်းမကြီးပေါ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေ ဆုံးမှု အသေးစိတ်အချက်အလက်ကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။
ရေးဘီးလူအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ သြဇာခံဌာနေ ပြည်သူ့စစ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း အာယုတောင်ပြည်သူ့စစ်ခေါင်းဆောင်လင်းဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ တစ်ဦးအပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူး
ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ရေးမြို့နယ် ကျောင်းရွာမှာ စစ်ကောင်စီကားကို ရေးဘီလူးအဖွဲ့ ကြားဖြတ်တိုက်ခိုက်စဉ်။