ဆီဆိုင်၊ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြောင်းချိုးနေတဲ့ သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာနေ မိသားစုသုံးဦးဟာ သူတို့ရဲ့ ပြောင်းခြံထဲမှာ ပြောင်းချိုးနေချိန် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ပြောင်းခြံအတွင်းရှိ နန်းထွေးနဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်မှာ အခင်းဖြစ်ပွားရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့သလို ခင်းပွန်းဖြစ်သူ ခွန်ငယ်လေးမှာ ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ ပအိုဝ်းဒေသထဲ ကျူးကျော်လာကာ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ PNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ထီစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်ကားကို ပစ်ခတ်ခဲ့တာကြောင့် ထီးစဲခါးဆရာတော် နေရာမှာပဲ ပျံလွန်တော်မူခဲ့တဲ့အပြင် နောက်ထပ်ဆရာတော်နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေစတဲ့ ဒေသတွေက တိုက်ပွဲတွေမှာ အခုနှစ် ဇန် နဝါရီလကနေ ဇူလိုင် ၆ ရက်နေ့အထိ အရပ်သားပြည်သူ ၉၆ ဦး သေဆုံးပြီး ၁၄၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media