ဟနွိုင်း၊ ဒီဇင်ဘာ ၃

ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ထရူအွန် မိုင်လန်အနေနဲ့ ချမှတ်ခံထားရတဲ့ သေဒဏ်အတိုင်း အပြစ်ပေးမခံလိုပါက အစိုးရထံ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ဘဏ်လိမ်လည်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့အတွက် အသက် ၆၈ နှစ်အရွယ် သူဌေးမကြီးဟာ ဧပြီလက သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဒါက ဗီယက်နမ်မှာ ရှားရှားပါးပါး ထိတ်လန့်စရာ ပြစ်ဒဏ်တစ်ခု ဖြစ်ပြီး အလားတူ လိမ်လည်မှုမျိုးအတွက် သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီး အနည်းငယ်ပဲ ရှိပါတယ်။

ဗီယက်နမ် ဥပဒေအရ လိမ်လည်ထားသူ တစ်ယောက်အနေနဲ့ သူလိမ်လည်ရယူထားတဲ့ ငွေပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ပြန်ပေးလျော်နိုင်ရင် သေဒဏ်ကနေ တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ ပြောင်းလဲကျခံနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ဗီယက်နမ်မှာ ပဉ္စမမြောက် အကြီးမားဆုံးဘဏ်ဖြစ်တဲ့ Saigon စီးပွားရေးဘဏ်ကို ထရူအွန်မိုင်လန်က ထိန်းချုပ်ထားပြီး အမည်ခံ ကုမ္ပဏီတွေကတစ်ဆင့် ချေးငွေနဲ့ ငွေသား ထုတ်ယူနေခဲ့တာ ၁၀ နှစ်ကြာပြီ ဖြစ်ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူလိမ်လည်ရယူခဲ့တဲ့ ငွေပမာဏဟာ ကန် ဒေါ်လာ ၄၄ ဘီလီယံ ရှိကြောင်း တရားရုံးစာရွက်စာတမ်းတွေအရ သိရပါတယ်။

သူ့ရဲ့ လိမ်လည်မှုကြောင့် ဗီယက်နမ်နိုင်ငံသား အများအပြား ထိခိုက်နစ်နာခဲ့ရပြီး Saigon ဘဏ် မပြိုလဲစေရေး နိုင်ငံတော်ဗဟိုဘဏ်က ငွေကြေး အမြောက်အများ ထောက်ပံ့ပေးခဲ့ရပါတယ်။

လောလောဆယ် သူဌေးမကြီးမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိပေမယ့် မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တာကြောင့် ဒေါ်လာ ၉ ဘီလီယံ ရှာဖွေရေး အခက်အခဲ ရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.