နေပြည်တော် ၊ နိုဝင်ဘာ ၃၀
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာ့အကျပ်အတည်းတွေအပေါ် တရုတ်အစိုးရရဲ့ ပါ ဝင်စွက်ဖက်မှု ခြေလှမ်းစိပ်လာတာဟာ မဟာဗျူဟာစီမံကိန်းတွေကြောင့်လို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာ ဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံးရှိနေတယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
ရခိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် ကချင်က မြစ်ဆုံဆည်နဲ့ ကန်ပိုက်တီနယ်စပ်စီး ပွားရေး၊ အလယ်ပိုင်းက ကြေးနီစီမံကိန်း၊ ရခိုင်ကနေ ရှမ်းမြောက်အထိ အမြန်လမ်းနဲ့ မူဆယ်- မန္တလေး လျှပ်စစ်ရထားလမ်းစတဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းတွေ အများအပြား ရှိနေတာပါ။
ဒါကြောင့် မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တယ်လို့ တရားဝင်ကြေညာထားတဲ့ တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြောက်ပိုင်းအဖွဲ့တွေကို ဖိအားပေးပြီး စစ်ကောင်စီအပေါ် သိသိသာသာ ထောက်ခံနေတာပါ။
အထူးသဖြင့် ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါးကို MNDAA နဲ့ TNLA တို့ သိမ်းယူခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရဟာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တိုက်ပွဲရပ်တန့်ဖို့ ကိုးကန့်နဲ့ တအာင်းအဖွဲ့ကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက တရုတ်အစိုးရရဲ့ စဉ်းစားချက်ဟာ စီးပွားရေးအရ မဟာစီမံကိန်းတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ကန့်လန့်တိုက်မယ့် အနောက်နိုင်ငံရဲ့ ပါဝင်မှုမဖြစ်အောင် ကြိုးစားတာလို့ သုံးသပ်ပါတယ်။
“စီးပွားရေးအရ စဉ်းစားမှုရှိတယ်။ နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက်ကြောင့်မို့ နယ်စပ်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို သူလိုလားတယ်။ အထူးသဖြင့် စီးပွားရေးအရ တရုတ်မဟာစီမံကိန်းတွေ ဖော်ဆောင်နိုင်ဖို့ တည်ငြိမ်တဲ့ ဒေသအခြေအနေအမျိုး သူ့အနေနဲ့ ပေါ်ပေါက်စေလိုတယ်။ပြီးရင် အနောက်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုပေါ့။ အာဆီဒေသတွင်းမှာ အနောက်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမှာ အထူးသဖြင့် တရုတ်ကို ကန့်လန့်တိုက်မယ် ဒါမှမဟုတ် တရုတ်ရဲ့အကျိုးစီးပွားကို တားဆီးနိုင်မယ့်အခြေအနေမျိုး မဖြစ်အောင် သူ့အနေနဲ့ ကြိုးစားတယ်လို့ ကျွန်တော်တို့ နားလည်ရတယ်”လို့ ဆိုပါတယ်။
ဩဂုတ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက “ဝ” အဖွဲ့ UWSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF အုပ်စုတွေ အနိုင်ရသွားမှာကို တရုတ်ကလုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားထားတာပါ။
အဲဒီနောက်ပိုင်း MNDAA က မြန်မာ့အရေး တရုတ်ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ပြီး TNLA ကလည်း တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာစစ်ကောင်စီကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်ခဲ့ရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
တရုတ်ကတော့ စစ်ကောင်စီရဲ့ ပြည်တွင်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ချက်တွေကို အစဉ်အမြဲထောက်ခံ အားပေးနေပြီး ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း အကူအညီပေးသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်ကို ပြောကြားထားတာပါ။
တစ်ဘက်မှာ မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို ကာကွယ်ဖို့ တရုတ်နဲ့ စစ်ကောင်စီအကြား အကျိုးတူပူးပေါင်းတဲ့ လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ စီစဉ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒီအပေါ် အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်အုပ်စုနဲ့အတူ ပူးပေါင်းလုပ်ဆောင်မယ့် အစီ အစဉ်ဟာ တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ထုတ်ပြောခဲ့ပါတယ်။
ISP Myanmar ရဲ့ အချက်အလက်တွေအရ ရှမ်းမြောက်အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအ လယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ၁၉ ခုရှိတဲ့ထဲက ၁၀ ခုကို EAOs တွေနဲ့ PDF တွေက အပြည့်အဝ ထိန်းချုပ်ထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြန်မာပြည်တွင်းရှိ တရုတ်အကျိုးစီးပွားအပြင် သမုဒ္ဒ ရာနှစ်စင်းဆက်စပ်ရေး မဟာဗျူဟာအကျိုးစီးပွားတွေ ပါဝင်တဲ့အတွက် လိုအပ်ရင် စစ်တပ်အရ ကူညီမယ့်သဘောလို့ သုံးသပ်ပါတယ်။
“(တရုတ်) သူ့ရဲ့ အကျိုးစီးပွားတွေ ကာကွယ်ဖို့တင် မကပါဘူး။တကယ်တမ်းကျတော့ သူ့ရဲ့ မဟာ ဗျူဟာ ရည်မှန်းချက်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲ ထွက်ပေါက်ရရှိရေး၊ သမုဒ္ဒရာနှစ်စင်းမူဝါဒ ပစိဖိတ် သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာ ဆက်စပ်ရေးစတဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေပါ ပါဝင်နေတဲ့အတွက် စစ်ကောင်စီကာကွယ်ရေးအတွက် တရုတ်ကတော့ လိုအပ်လို့ရှိရင် စစ်တပ်အရပါ ပါဝင်ကူညီမယ့် သဘောထားရှိကြောင်း ဖော်ပြလိုက်တာ။ ဒါကတော့ (လုံခြုံရေးကုမ္ပဏီကြောင့်) မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ်ထိပါးစော်ကားတဲ့ ကိစ္စဖြစ်တဲ့အတွက် ပြည်သူတစ်ရပ်လုံးနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဝိုင်းဝန်းဆန့်ကျင်မှာ ဖြစ်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အကာအကွယ်ပေးနိုင်ရေး နှစ်နိုင်ငံအ ကျိုးတူ လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ တရုတ်အစိုးရက အဆိုပြုခဲ့ပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့အတွက် လုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီလုပ်ငန်းကော်မတီဟာ လုံခြုံရေးကုမ္ပဏီကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာ၊ ကာကွယ် ရေး၊ လုံခြုံရေးတို့ကို ထိပါးခြင်း ရှိ မရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မှုရှိ မရှိ စတဲ့ အချက် ၁၂ ချက်ကို စိစစ်သွားမယ်လို့ နိုဝင်ဘာ ၈ ရက်နေ့ ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို အသိအမှတ်ပြုတယ်လို့ မကြာခဏအသိပေးခဲ့သလို စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာလည်း တရုတ်အစိုးရတာ ဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။
လတ်တလော နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ကျော်ဇောနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေတဲ့အ ပေါ် မျှမျှတတဆောင်ရွက်ဖို့ကို တရုတ်အစိုးရက ထုတ်ပြောခဲ့ပါသေးတယ်။
ရခိုင်အရေးမှာ ရှုပ်ထွေးတဲ့ လူမျိုးရေးနဲ့ ဘာသာရေးသမိုင်းကြောင်းတွေ ရှိတဲ့အပေါ် ချဉ်းကပ်မှုပုံစံအမျိုးမျိုးနဲ့ မျှမျှတတ ဆောင်ရွက်ဖို့လိုတယ်ဆိုပြီး နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းထောက်ရဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ မစ္စ မော်နင်းက ဖြေကြားခဲ့တာပါ။
ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အာဆီယံဒေသတွင်းမှာ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ အရေးယူမှုတွေ ဩဇာလွှမ်းမိုးမှုတွေ ကျယ်ပြန့်သွားမှာ တရုတ်က စိုးရိမ်တဲ့အတွက် အခုလို ထုတ်ပြောတာလို့ ထောက်ပြပါတယ်။
ဒီအနေအထားမှာ တရုတ်၊စစ်ကောင်စီနဲ့ ရုရှားတို့ကြား လက်ရှိ နီးကပ်နေတာထက် ပိုပြီးနီးကပ်သွားနိုင်တဲ့ အခြေအနေအခင်းအကျင်းမျိုး ပူးပေါင်းဆောင်ရွက်မှုပုံစံမျိုး မြင်တွေ့လာနိုင်စရာရှိတယ်လို့ သူကမှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI